ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်(၇)နာရီမှာ ထုတ်ပြန်ခဲ့တဲ့အင်းစိန်မြို့နယ်က လူနာနံပါတ် (၁၅၁) ထပ်တိုးလူနာ အမျိုးသမီးက ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။
လူနာက အသက်(၂၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ အဆောင်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ “ အခုသိရသလောက် သူက ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးပါ။ကျောင်းကတော့ပိတ်ထားတာကြာပါပြီ။ သူအပါအဝင် အားလုံး(၇)ယောက်အဆောင်တူတူငှားနေကြတာ။ နေရာကိုလည်း Lock Down လုပ်ထားပြီ။ အဆောင်အတူနေတွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်စရာရှိတာလုပ်သွားပါမယ်”လို့ ဦးမောင်မောင်ဦးကပြောပါတယ်။
လူနာအမျိုးသမီးက အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိဘဲ အင်းစိန်ဆေးရုံမှာစောင့်ကြည့်လူနာအဖြစ်ကူသမှုခံယူနေရင်း ရောဂါတွေ့ရှိခဲ့တာပါ။ ရောဂါကူးစက်ခံရမှု အကြောင်းအရင်းနဲ့ သူအလုပ်လုပ်တဲ့ကျောင်းရဲ့နာမည်ကိုတော့စုံစမ်းနေဆဲဖြစ်သလို လက်ရှိမှာအတည်ပြုပြောကြားလို့မရသေးဘူးလို့ ဦးမောင်မောင်ဦးကပြောပါတယ်။
လူနာအမျိုးသမီးကိုတော့ အင်းစိန်ဆေးရုံကနေ တောင်ဥက္ကလာပမြို့နယ်က မိခင်နှင့်ကလေးဆေးရုံကြီးကို ပို့မယ်လို့သိရပါတယ်။ ဒီကနေ့ မနက်(၇)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ (၁၅၁)ဦးရှိပြီး သေဆုံးသူ (၆)ဦးနဲ့ ပြန်လည်ကောင်းမွန်သူ (၂၈)ဦးထဲကမှ (၁၇)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားပြီဖြစ်ပါတယ်။ အတည်ပြုလူနာ (၁၅၁)ဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက (၁၁၈)ဦးထိပါဝင်နေပါတယ်။