မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့ထိ မလေးရှားပြန်(၁၁)ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။

ဒီကနေ့ မနက် ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာ နှစ်ဦးက မေလ(၁၁)ရက်နေ့က အစိုးရဲ့ အစီအစဉ်နဲ့ ပြန်လည်ခေါ်ဆောင်လာတဲ့သူတွေဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့မှာ Quarantine ဝင်နေတဲ့သူတွေဖြစ်ပါတယ်။ 

မလေးရှားကနေ အစိုးရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်လာတဲ့ ကယ်ဆယ်ရေးလေယာဉ်မှာတော့ တီးတိန်မြို့နယ်က (၄)ဦးပါဝင်ခဲ့ပြီး (၂)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။



ဒီနေ့ ထပ်တိုးလူနာနှစ်ဦးလုံးက ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး COVID နဲ့ ပတ်သက်လို့ ဘာရောဂါလက္ခဏမှမပြခဲ့ဘဲ အခုလိုရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က Duwun ကိုပြောပါတယ်။ 

“လက်ရှိ ချင်းပြည်နယ်မှာ မလေးရှားကပြန်လာသူ (၄)ဦးရှိတယ်။ အဲဒီ (၄)ဦးကို စစ်တဲ့အခါမှာ နှစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာ။ သူတို့က မေလ(၁၁)ရက်နေ့အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်လာတဲ့သူတွေ။ အခုလူနာနှစ်ဦးထပ်တိုးတော့ ချင်းပြည်နယ်မှာ လူနာ (၆)ဦးဖြစ်သွားတာပေါ့။ Quarantine ဝင်နေတဲ့သူကလည်း အယောက်(၄၀)ကျော်လည်းရှိပါတယ်။ သူတို့ကိုတော့ မနက်ဖြန်မှာ ဓာတ်ခွဲနမူနာယူဖို့စီစဉ်နေတယ်” ဦးပေါင်လွန်းမင့်ထန်ကပြောပါတယ်။ 

မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ အဖွဲ့ဟာ ပထမအသုတ်နဲ့ ဒုတိယအသုတ်ဖြစ်ပြီး ယခုပိုးတွေ့လူနာနှစ်ဦးကတော့ ပထမအသုတ်မှာ ပြန်လာတဲ့သူတွေဖြစ်ပါတယ်။ အခုဆိုရင် မလေးရှားကပြန်လာတဲ့ ပထမအသုတ်ထဲကတင် ရောဂါပိုးတွေ့ရှိသူ (၁၁)ဦးထိရှိနေပါတယ်။ ဒုတိယအသုတ်ကတော့ မေလ(၂၀)ရက်နေ့ကပြန်ရောက်လာတာဖြစ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသား (၁၀၇)ဦးလုံးကို Quarantine စင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတာပါ။

မေလဆန်းပိုင်းကစလို့ ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရအစီအစဉ်နဲ့ ပြန်ခေါ်မှုတွေလုပ်နေဆဲဖြစ်ပြီး ပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်ကာ ဓာတ်ခွဲစစ်ဆေးပေးလျှက်ရှိပါတယ်။

မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့ မနက်ပိုင်းထိတွေ့ရှိခဲ့တဲ့ လူနာ (၂၀)ဦးအနက် (၁၉)ဦးကတော့ ပြည်တော်ပြန်တွေပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က