မေလ(၄)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးမှုအရ ပိုးတွေ့လူနာသစ်(၆)ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
COVID-19 ရောဂါပိုးဓာတ်ခွဲစစ်ဆေးမှုအခြေအနေကို နေ့စဉ်ည(၈)နာရီမှာသာ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အတည်ပြုထုတ်ပြန်တာဖြစ်ပေမယ့် ဒီနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က Facebook Post မှာ ကြိုတင်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့မေလ(၄)ရက်နေ့ နံနက်(၇)နာရီအထိ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ပိုးတွေ့အတည်ပြုလူနာ ၁၅၅ဦးအထိရှိတယ်လို့သိထားရပါတယ်။
"၁-၅-၂၀၂၀ နဲ့ ၂-၅-၂၀၂၀ စစ်ဆေးမှုတွေအရ၊ covid positive တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။၃-၅-၂၀၂၀၊ မနေ့ကတော့ (၄)ယောက်၊ ဒီကနေ့ ၄-၅-၂၀၂၀ မှာ (၆)ယောက်တွေ့ခဲ့ ပါတယ်။
ဒါကြောင့် ကျွန်မတို့ လုံးဝ ပေါ့လို့ မဖြစ်ဘူးဆိုတာ ကြားရ၊ ဖတ်ရ သူတွေ ငြီးငွေ့ရလောက်အောင်သတိပေး နေရတာပါ။" လို့ အစချီပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေ မပေါ့ဆဖို့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ အစရှိတဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့တာပါ။
စိတ္တဗေဒ သုတေသီအချို့ရဲ့သုံးသပ်ချက်အရ လူတစ်ယောက်မှာ ပြောလိုတဲ့အရာနားဝင်ဖို့အတွက် အကြိမ် ၂၀၀လောက်ပြောရကြောင်းနဲ့ စက်ရုံအလုပ်ရုံတွေ နယ်စပ်ကနေပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြားမှာ COVID-19 ရောဂါ ကူးစက်မခံရအောင် အထူးဂရုစိုက်ဖို့လိုအပ်တဲ့အကြောင်း၊ စည်းကမ်းတွေကိုလိုက်နာသင့်တဲ့အကြောင်းတွေကို ရေးသားဖော်ပြခဲ့ပါတယ်။