ပုံမှန်မနက်စာတွေကနေတစ်မျိုးပြောင်းပြီး ဒေသစာလေးတွေစားချင်သူတွေအတွက်ဆိုင်ကောင်းလေး တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကဗန်းမော်မျှစ်ချဥ်ခေါက်ဆွဲနဲ့ ရှမ်းအစားစာလေးတွေကို မနက်စာအဖြစ်ရောင်းချပေးနေတဲ့ ဂျာရစ်ပူစပ်မွှေးပင်လယ်စာခေါက်ဆွဲဆိုင်လေးပါ။
လူငယ်နှစ်ယောက်စိတ်ကူးနဲ့စတင်ခဲ့တဲ့ဆိုင်လေး
ဂျာရစ်ပူစပ်မွှေးပင်လယ်စာခေါက်ဆွဲဆိုင်လေးကိုတော့ အသက်၂၀ကျော်အရွယ်လူငယ်လေးနှစ်ယောက် ပူးပေါင်းဖွင့်လှစ်ထားတာပါ။ဗန်းမော်သားနဲ့ရှမ်းပြည်ကျောက်မဲသားနှစ်ယောက်စိတ်ကူးလေးကနေအစပြုခဲ့ တဲ့ဒီဆိုင်လေးမှာတော့ဒေသအစားအစာလေးတွေကို မနက်စာအဖြစ်စားသုံးနိုင်မှာပါ။
“Youtube ကနေလေ့လာရင်းနဲ့ပဲ ဒီဆိုင်လေးဖွင့်ဖြစ်တာပါ။ တိုက်ခန်းမှာစုနေကြတဲ့သူငယ်ချင်းနဲ့အတူ ပင်လယ်စာခေါက်ဆွဲကို ညနေပိုင်းမှာအရင်စရောင်းဖြစ်တယ်။အဲဒီကနေမှမနက်ပိုင်းလည်းအားနေတော့ ဘာလုပ်မလဲတိုင်ပင်ရင်းနဲ့ သူငယ်ချင်းအမေက ဗန်းမော်မှာခေါက်ဆွဲဆိုင်ဖွင့်တော့ သူကလည်းဗန်းမော်မျှစ်ချဥ် ခေါက်ဆွဲကောင်းကောင်းလုပ်တတ်တယ်။ကျွန်တော်ကလည်း ကျောက်မဲမှာနေဖူးတော့ ကျောက်မဲမြီးရှည်တို့ ရှမ်းအစားစာတွေလုပ်တတ်တယ်။ရန်ကုန်မှာက မနက်စာဆိုမုန့်ဟင်းခါးတို့အသုပ်တို့ပဲ တွေ့ရတာများတော့ မတူအောင် ဒေသအစားအစာလေးတွေကို မနက်စာရောင်းမယ်ဆိုပြီးရောင်းကြတာပါ။ “လို့ ကိုချမ်းမြေ့က ပြောပါတယ်။
ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်ဆိုင်လေးစတင်ခဲ့
ကိုယ်ပိုင်ဆိုင်မဖွင့်ခင်က သူငယ်ချင်းနှစ်ယောက်လုံး လခစားဝန်ထမ်းတွေဖြစ်ခဲ့ကြပြီး ကိုဗစ်ကာလမှာ အလုပ်ရပ်နားခဲ့ပြီးနောက် ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။နိုင်သလောက်အရင်းနှီးလေးနဲ့လိုတဲ့ပစ္စည်းလေးတွေဝယ်ထည့်ရင်းစတင်ခဲ့တဲ့ဆိုင်လေးဟာ တစ်နှစ်ကျော်ဝန်းကျင်သာရှိသေးပေမယ့်ရောင်းချတဲ့အစားအသောက်ပေါ်မှာကျွမ်းကျင်မှုနဲ့ လုပ်ငန်းအပေါ် စိတ်အားထက်သန်မှုတွေကြောင့် ဖောက်သည်တွေရရှိပြီး ပုံမှန်လည်ပတ်နိုင်တဲ့လုပ်ငန်းလေးဖြစ်လာပါတယ်။
“ဝန်ထမ်းလုပ်တာကနေ ကိုဗစ်ကာလမှာအလုပ်ကအခက်ခဲဖြစ်သွားတယ်။ကိုဗစ်ပြီးနောက်ပိုင်းလည်း ဝန်ထမ်း ပြန်လုပ်ဖို့စဥ်းစားပေမယ့်အဆင်မပြေတော့ အိမ်မှာနားနေရင်း ဘာလုပ်ရင်ကောင်းမလဲစဥ်းစားရင်းနဲ့ ကိုယ်တိုင် ကလည်း အစားအသောက်ရောင်းရတာကြိုက်တော့ နောက်ဆုံးကျတော့ကိုယ်ဝါသနာပါတဲ့ အစားအသောက် ဘက်ကိုပဲကူးလိုက်တာပါ။တစ်နှစ်အတိုင်းအတာအရ ဆိုင်လေးကအဆင်ပြေပြေလေး လည်ပတ်နေပါတယ်။ အခုဆိုပုံမှန်တစ်ရက်ကိုနှစ်သိန်းဝန်းကျင်လောက်ရောင်းရပါတယ်။။”လို့ ကိုချမ်းမြေ့ကဆိုပါတယ်။
ရန်ကုန်မှာရှိတဲ့ ဗန်းမော်နဲ့ရှမ်းပြည်ဒေသခံတွေကပါလာစားကြတဲ့ဆိုင်လေး
လူငယ်လေးတွေကိုယ်တိုင်ရောင်းချတဲ့ဒေသအစားစာဖြစ်ပေမယ့် လက်ရာနဲ့အရသာက အဆင်ပြေ ကောင်းမွန်လှပါတယ်။ရန်ကုန်မြို့ခံတွေသာမက ရန်ကုန်ရောက်နေတဲ့ဒေသခံအချို့ကပါလာရောက် စားသုံးကြတာကို မြင်တွေ့ရပါတယ်။ဗန်းမော်မျှစ်ချဥ်ခေါက်ဆွဲနဲ့ကျောက်မဲမြှီးရှည်ကတော့ ဒီဆိုင်လေးရဲ့ လူကြိုက်များတဲ့စားဖွယ်တွေပါ။ဗန်းမော်မျှစ်ချဥ်ခေါက်ဆွဲကတော့ဒေသခံတွေအလွမ်းပြေမယ့်အရသာလို့ ဆိုနိုင်ပါတယ်။
“ကိုယ်တိုင်လည်း ဒေသအစားအစာလေးတွေကြိုက်တော့ ရန်ကုန်မှာလိုက်စားဖြစ်ပေမယ့် ကိုယ်စားချင်တဲ့ အရသာကိုမရတဲ့အခါကျတော့ ကိုယ့်ပါကိုယ်အိမ်မှာလုပ်စားရင်းကနေဆိုင်မှာရောင်းဖြစ်သွားတာ။ ဒေသအစားစာလေးတွေရောင်းဖို့စဥ်းစားလိုက်တာကမှန်သွားတယ်လို့ပြောလို့ရတယ်။လာစားတဲ့ စားသုံးသူတွေကလည်း ကြိုက်ကြတာကိုတွေ့ရတယ်။ရန်ကုန်မှာရှိတဲ့ မြစ်ကြီးနားတို့ဗန်းမော်တို့က ဒေသခံတွေဆိုလည်းလာစားကြတာများတယ်။စားသုံးသူတွေက တစ်ခါစားပြီးရင်လည်းနောက်တစ်ခါ လာစားကြတယ်လို့ ကိုချမ်းမြေ့ကပြောပါတယ်။
စိတ်ကူးတွေကို လက်တွေ့အကောင်ထည်ဖော်ပါ
အလုပ်အကိုင်အခွင့်လမ်းရှားပါးလာတာကြောင့် ရွေးချယ်ရခက်ခဲနေတဲ့ လူငယ်တွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့စိတ်ကူးရှိရင်တတ်နိုင်တဲ့ပမာဏနဲ့ယုံကြည်ချက်ရှိရှိစတင်သင့်ပြီး တစ်ဦးထဲမတတ်နိုင်ရင်လည်း စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့အတူပူးပေါင်းလုပ်ဆောင်ကြဖို့ ကိုချမ်းမြေ့ကအကြံပြုစကားဆိုပါတယ်။
ဆိုင်လေးမှာရနိုင်တဲ့စားဖွယ်တွေနဲ့စျေးနှုန်း
ဂျာရစ်ပူစပ်မွှေးပင်လယ်စာခေါက်ဆွဲဆိုင်လေးမှာတော့ မျှစ်ချဥ်ခေါက်ဆွဲ၊ ဝက်သားလုံးခေါက်ဆွဲ၊ ကျောက်မဲမြှီးရှည်၊ရေစိမ်ခေါက်ဆွဲ၊ခေါက်ဆွဲလိမ်၊ပဲပြုတ်ထမင်းဆီဆမ်းနဲ့Sandwichတို့ကို မနက်စာအဖြစ်ရရှိနိုင်ပါတယ်။ မနက်စာအတွက်ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီကနေ(၁၁)နာရီအထိဖြစ်ပါတယ်။စျေးနှုန်းအနေနဲ့ ဒေသအစားစာလေးတွေရဲ့စျေးနှုန်းကတော့ ၂၀၀၀ကနေ၂၅၀၀ကျပ်အတွင်းဖြစ်ပါတယ်။ နေ့လည်(၂)နာရီကနေ ည(၇)နာရီခွဲအထိ ပူစပ်မွှေးပင်လယ်စာအရသာခေါက်ဆွဲကိုလည်းရရှိနိင်ပါတယ်။
ဆိုင်တည်နေရာ
ဂျာရစ်ပူစပ်မွှေးပင်လယ်စာခေါက်ဆွဲဆိုင်လေးကိုတော့ အမှတ်(၈၀)၊ ဦးကြွယ်ဟိုလမ်း အထက်ကြည့်မြင်တိုင် ညစျေးအနီးမှာဖွင့်လှစ်ထားပြီး တနင်္လာနေ့တိုင်းဆိုင်ပိတ်ပါတယ်။မနက်စာကို ဒေသအစားအစာလေးတွေ စားသုံးရတာနှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဆိုင်လေးမို့ညွှန်းဆိုပေးလိုက်ပါတယ်။
Share