PPP ပါတီဟာ ရွေးကောက်ပွဲမှာ လူငယ်နဲ့အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၂ ရာခိုင်နှုန်းခန့်ဝင်ပြိုင်မှာပါ။

ဒေါက်တာသက်သက်ခိုင် ဦးဆောင်တဲ့ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးတစ်ခုထဲတင်မဟုတ်ဘဲ နောက်ဆယ်စုနှစ်အတွင်း လူငယ်မျိုးဆက်သစ် ပညာရှင်နိုင်ငံရေးသမားတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်တယ်လို့ ပါတီဥက္ကဌက ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီးနဲ့ လူငယ်ကိုယ်စားလှယ်လောင်း ၂၂ ရာခိုင်နှုန်းခန့် ပါဝင်ယှဉ်ပြိုင်မယ်လို့လည်း ဒေါက်တာသက်သက်ခိုင်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ- ပြည်သူ့ရှေ့ဆောင်ပါတီ ဖေ့စ်ဘွတ်ခ်

“ အခုချိန်မှစပြီး လူငယ်တွေပါဝင်တယ်ဆိုရင် နောက် ၁၀နှစ်၊ ၁၅နှစ်မှာ တအားကို အားကိုးရပြီ။ ကျွန်မတို့ပါတီကမွေးထုတ်ချင်တာက career politician ပေါ့ ။ အရင်က နိုင်ငံရေးလုပ်တယ်ဆိုတာ activist ပေါ့။ ကျွန်မတို့က career politician ဆိုတာ တကယ့်ကို professional ကျကျနဲ့ နိုင်ငံရေးလုပ်နိုင်တဲ့လူငယ်တွေမွေးထုတ်ချင်တာပါ။" လို့ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီက ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၃၉ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်က လွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားလွှတ်တော် (၂၈) နေရာ ၊ ပြည်သူ့လွှတ်တော် (၇၆) နေရာ ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် (၁၃၂) နေရာ နဲ့ တိုင်းရင်းသားကိုယ်စားလှယ် (၃) နေရာယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကတော့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုအနေနဲ့ ဒဂုံမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့တာပါ။

 ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပြီး အောက်တိုဘာလအတွင်းမှာ ပါတီကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပြည်သူ့ရှေ့ဆောင်ပါတီတစ်ရပ်ထူထောင်ပြီး ပါတီဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က