လူ ၅,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ၁၉၅၉ ခုနှစ် စက်တင်ဘာလ တိုင်ဖွန်းမုန်တိုင်းနဲ့ နှိုင်းယှဥ်နိုင်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု အပြင်းအထန် ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

(Photo: AFP)

တိုင်ဖွန်းမုန်တိုင်း Haishen ဟာ ဂျပန်နိုင်ငံ ကျူရှူးကျွန်းကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၆ ရက်) သို့မဟုတ် တနင်္ဂလာနေ့ (စက်တင်ဘာ ၇ ရက်) မှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံတွေကို ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်လည်း မိုးလေဝသတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။



ဂျပန်မိုးလေဝသဌာနရဲ့ ထုတ်ပြန်မှုအရ တိုင်ဖွန်း Haishen ဟာ ယနေ့ (စက်တင်ဘာ ၅ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီအချိန်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း Minami Daito ကျွန်းရဲ့တောင်ဘက် ၁၂၄ မိုင်အကွာမှာ တည်ရှိနေကြောင်း သိရပါတယ်။ မုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၉ မိုင်နှုန်းဖြင့် ရွေ့လျားနေပါတယ်။

(Photo: NOAA)

တိုင်ဖွန်း Haishen ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ ၎င်းရဲ့ ဗဟိုချက်အနီး တစ်နာရီလျှင် ၁၁၂ မိုင်ကျော်ရှိပြီး လေပြင်းတိုက်မှုမှာ တစ်နာရီလျှင် ၁၅၅ မိုင်အထိ အားကောင်းပြင်းထန်ကြောင်း NHK က ပြောပါတယ်။ Daitojima နယ်မြေဟာ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းမယ့်လမ်းကြောင်းမှာ ရှိနေတယ်လို့ ဆိုပါတယ်။

Kitadaito လေဆိပ်မှာ တပ်ဆင်ထားတဲ့ တိုင်းတာရေးကိရိယာရဲ့ မှတ်တမ်းအရ ယနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမတိုင်မီ လေတိုက်နှုန်း တစ်နာရီလျှင် ၈၁ မိုင်ဖြင့် တိုက်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။ အိုကီနာဝါစီရင်စုမှာ စနေနေ့ (စက်တင်ဘာ ၅ ရက်) မှ တနင်္ဂနွေနေ့အထိ တစ်နာရီလျှင် ၁၂၄ မိုင်အထိ လေတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်ခတ်စဥ် အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၈၀ အထိရှိနိုင်တယ်လို့ ဆိုပါတယ်။

(Photo: AAP)

ထို့အတူ ကျူရှူးကျွန်းတောင်ပိုင်းမှာလည်း တစ်နာရီလျှင် ၉၉ မိုင်နှုန်းဖြင့် လေတိုက်ခတ်နိုင်ပြီး လေပြင်းတိုက်စဥ် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၃ မိုင်အထိ အားကောင်းပြင်းထန်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ အိုကီနာဝါနဲ့ Amami နယ်မြေတွေမှာ စနေနေ့မှ တနင်္ဂနွေနေ့ အထိနဲ့ ကျူရှူးကျွန်းမှာ တနင်္ဂနွေနေ့မှ တနင်္လာနေ့ (စက်တင်ဘာ ၇ ရက်) အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။

မိုးလေဝသတာဝန်ရှိသူတွေရဲ့ အဆိုအရ အိုကီနာဝါနဲ့ Amami ရှိ နေရာအချို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မမှ ၁၁ လက်မအထိ ရွာသွန်းနိုင်တယ်လို့ ပြောပါတယ်။ တိုင်ဖွန်း Haishen ဟာ ဂျပန်နိုင်ငံအလယ်ပိုင်းမှာ လူ ၅,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ၁၉၅၉ ခုနှစ် စက်တင်ဘာလ တိုင်ဖွန်းမုန်တိုင်းနဲ့ နှိုင်းယှဥ်နိုင်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

(Map: AccuWeather)

ထိုအခြေအနေအရ ယခုလက်ရှိ ဂျပန်ကို ဦးတည်နေတဲ့ တိုင်ဖွန်း Haishen ဟာ ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း အားအကောင်းဆုံး မုန်တိုင်းလို့ဆိုနိုင်ပါတယ်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်အပြီး ကယ်ဆယ်ရေးဆောင်ရွက်ရန် စစ်သားများ၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၂,၀၀၀ ကျော်ကို အသင့်အနေအထားရှိနေရေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Haishen ဟာ ယခုနှစ် မုန်တိုင်းရာသီရဲ့ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ပထမဆုံး စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်လာတယ်လို့ မိုးလေဝသဝက်ဘ်ဆိုက် AccuWeather က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က