အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်မှုနဲ့ ပင်လယ်ရေလှိုင်းတက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
(Photo: NDTV)
ဆိုင်ကလုန်းအမ်ဖန် (Cyclone Amphan) အန္တရာယ်ကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူဦးရေ သန်းနဲ့ချီ ရွှေ့ပြောင်းထားခဲ့ပါတယ်။ အမ်ဖန်ဟာ ဘင်္ဂလားပင်လယ်အော်မှာ ရက်ပိုင်းအကြာ တိုက်ခတ်နေခဲ့ပြီးနောက် အိန္ဒိယကုန်းတွင်းပိုင်းကို ယနေ့ (မေ ၂၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ စတင်ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန (India Meteorological Department) က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မုန်တိုင်းဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းတွေအနက် တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံ ဩရိသနဲ့ အနောက်ဘင်ဂေါပြည်နယ်တွေမှာ လေပြင်းတိုက်မှုတွေကြောင့် အိမ်အမိုးများလွင့်ထွက်ခြင်း၊ သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်များကွေးညွတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နေရာအချို့မှာ ဓာတ်အားပြတ်တောက်နေခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုပမာဏနဲ့ အသေအပျောက် အတိအကျကို မသိရသေးဘဲ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်မှုအပေါ် စိုးရိမ်နေပါတယ်။
(Photo: NDTV)
အနောက်ဘင်ဂေါမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးမှုတွေရှိခဲ့ကြောင်း အိန္ဒိယရုပ်မြင်သံကြားသတင်းဌာန NDTV က ပြောပါတယ်။ အိန္ဒိယကုန်းတွင်းပိုင်း ဝင်ရောက်တိုက်ခတ်စဥ် ဆိုင်ကလုန်းအမ်ဖန်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၀၀ ရှိခဲ့ကြောင်း US Joint Typhoon Warning Center ကို ကိုးကားပြီး CNN သတင်းက ဖော်ပြပါတယ်။ ဆိုင်ကလုန်းအမ်ဖန် တိုက်ခတ်မှုကြောင့် ကမ်းရိုးတမ်းတစ်လျှောက် အမြင့် ၁၇ ပေအထိရှိတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်တဲ့ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံ ၅ သန်းထက်မနည်းကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မုန်တိုင်းအန္တရာယ်ရှိတာကြောင့် လူဦးရေ ၂.၄ သန်းခန့်ကို ယာယီခိုလှုံရေးစခန်း ၁၅,၀၀၀ ကျော်သို့ ရွှေ့ပြောင်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နှစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေရှိနေရာ မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းရာမှာလည်း လူများ ခပ်ခွာခွာနေစေရန်ပါ စီစဥ်ခဲ့ကြရပြီး တာဝန်ရှိသူတွေအတွက် ပိုမိုခက်ခဲခဲ့ပါတယ်။
ဆိုင်ကလုန်းအမ်ဖန်ဟာ ၁၉၉၀ ပြည့်နှစ်က ဩရိသမုန်တိုင်းပြီးလျှင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ ဩရိသမုန်တိုင်း တိုက်ခတ်ခဲ့စဥ်က လူ ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်ကို တိုက်ရိုက် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။
ဆိုင်ကလုန်းအမ်ဖန်နဲ့ မြန်မာနိုင်ငံ
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မေ ၂၀ ရက်မှ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၀ ရက် ည ၇ နာရီအချိန် သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းအမ်ဖန်ရဲ့ အဝန်းအဝိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ နီးကပ်နေခြင်းကြောင့် လည်းကောင်း၊ မုန်တိုင်း ကမ်းကိုဖြတ်ကျော်ပြီးနောက် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့ပေါ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် လည်းကောင်း မေ ၂၀ ရက်မှ ၂၁ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ တစ်နာရီလျှင် ၂၅) မိုင်မှ မိုင် ၃၀ အထိ လေတိုက်ခတ်နိုင်ပါတယ်။
ထို့အတူ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျရောက်မှုနဲ့ လှိုင်ကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် အမြင့်ဆုံး ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၆ ပေအထိ အမြင့်ဆုံးရှိနိုင်ကြောင်း သိရပါတယ်။