၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို လာမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပေးသွားမှာ ဖြစ်ပေမယ့်လည်း COVID-19 ကာလဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် အွန်လိုင်းမှတဆင့် ကြေညာပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အွန်လိုင်းစနစ်များဖြစ်တဲ့ အခြေခံပညာဦးစီးဌာနရဲ့ www.moe.gov.mm နှင့် www.myanmarexam.org တို့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို ဝေးလံသောဒေသများရှိ စာစစ်ဌာနများနဲ့ အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများရဲ့ အောင်စာရင်းများကိုမူ မြန်မာ့အသံရေဒီယိုအပါအဝင် SKY NET Education Channelတို့မှလည်း ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
“ရေဒီယိုနဲ့ရုပ်သံအစီအစဥ်တွေမှာလည်း ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အဲ့ဒီနေ့မှာ စောင့်ကြည့်နားထောင်လို့ရမှာ ပါ။ကျွန်တော့်အထင် မလွတ်သွားရအောင် သူတို့အနေနဲ့ အောင်စာရင်းကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပေးသွားဖို့ ရှိမယ်လို့ ထင်ပါတယ်။အချိန်အတိအကျတော့မသိပေမယ့် အစီအစဥ်တွေက အောင်စာရင်းထုတ်လွှင့်မယ့်အချိန်ကို ကြေညာမယ်လို့လည်း ထင်ပါတယ်။”လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်းစိုးက Duwun ကို ပြောပါတယ်။
အွန်လိုင်းစနစ်နဲ့ထုတ်ပြန်ကြေညာပြီးနောက်တစ်နေ့ သြဂုတ် ၁၀ ရက်နေ့မှာတော့ ယခင်နှစ်တွေအတိုင်း စာစစ်ဌာနရှိရာ ကျောင်းများမှာ အောင်စာရင်းများကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ကိုဗစ်ကာလသတ်မှတ်စည်းကမ်းတွေနဲ့ အညီ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦးအကြားအနည်းဆုံး ၆ ပေ ကွာခြားရမှာ ဖြစ်သလို နှာခေါင်းစည်းတွေကိုလည်း တပ်ဆင်လာရမှာ ဖြစ်ပြီး ကြည့်ရှုခွင့်ကိုတော့ နံနက် ၉နာရီမှ စတင်ကာ ညနေ ၄နာရီအထိသာ ခွင့်ပြုပေးထားပါတယ်။
.