တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့်ဖေဖော်ဝါရီ ၂၀ ရက်စပြီး ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခွဲနဲ့ တွဲဖက် အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူတွေက သက်ဆိုင်ကျောင်းအုပ်ကြီးတွေထံကနေ ထုတ်ယူရမှာဖြစ်ပြီး ပြင်ပဖြေသူတွေကတော့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံ ထုတ်ယူကြရမယ်လို့ သိရပါတယ်။
ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူရာမှာ အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ် ပညာရေးမှူးများနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ မတ်လ ၂၀ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၉ သိန်း ၇ သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က Duwun ကိုပြောပါတယ်။
“ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ထုတ်ယူလို့ရပြီဆိုတာ သတင်းကြေညာချက်ထွက်ထားပါတယ်။ ဖြေဆိုသူ ဦးရေကလည်း မနှစ်ကထက်စာရင် တိုးလာပါတယ်” လို့ ဦးမျိုးညွှန့်က ဆိုပါတယ်။
လက်ရှိမှာ ဖြေဆိုခွင့်ကတ်ပြားတွေကို သက်ဆိုင်ရာစာစစ်ဌာနအ သီးသီးကို ပေးပို့ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။