စနစ်သစ်အပြောင်းအလဲများစွာနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို ဒီကနေ့ ဇွန်လ ၃ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့ တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်
ယခုနှစ်မှာ ဘက်ဂျက်မလုံလောက်မှုကြောင့် အခြေခံပညာမူလတန်းကလေးတွေကို ကျောင်းဝတ်စုံတွေအစား ဗလာစာအုပ်တွေကိုသာ ထောက်ပံ့ခြင်း၊ နယ်မြေကျော် ကျောင်းအပ်နှံခြင်းကို တားမြစ်ထားခြင်းနဲ့ တတိယတန်းနဲ့ ဆဌမတန်းမှာ သင်ရိုးညွှန်းတမ်းအသစ်တွေကို သင်ကြားရခြင်းစနစ်တွေကို ပညာရေးဝန်ကြီးဌာနကနေ ပြောင်းလဲမှုတွေ ပြုလုပ်ထားတာပါ။
ဒီလို သင်ရိုးညွှန်းတမ်းအသစ်ပြောင်းလဲမယ်ဆိုရင် သင်ကြားရေးဆရာဆရာမတွေကို သေချာလေ့ကျင့်ပေးဖို့ လိုအပ်မယ်လို့ ဆဌမတန်းကျောင်းသူတစ်ယောက်ရဲ့ မိခင် ဒေါ် မြတ်စုစံက Duwun ကိုပြောပါတယ်။
“ ဒီစနစ်သစ်ကို တကယ်သင်ပေးနိုင်မယ့် အရည်အချင်းရှိတဲ့ ဆရာမတွေရှိဖို့ပဲလိုတာပါ။ အခုဆရာမတွေလည်း လေ့လာနေတုန်းဆိုတော့ နောက်တစ်နှစ် နှစ်နှစ်ဆိုရင်တော့ တော်တော်လေးကောင်းတဲ့ သင်ရိုးတွေ ဖြစ်လာမှာပါ” လို့ ဆိုပါတယ်။
ဒါ့အပြင် အခုနှစ်မှာ နယ်မြေကျော်ပြီး ကျောင်းအပ်နှံတာကို တားမြစ်ထားပြီး ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှာ KG တန်းဝင်ခွင့်ရဖို့ ကျောင်းသားနဲ့ မိဘတွေက မနက်အစောပိုင်းကတည်းက တန်းစီ စောင့်ဆိုင်းခဲ့ရတာတွေလည်းရှိပါတယ်။
“ ဒီနှစ်က ဖောင်ရောင်းတာလည်းနောက်ကျတယ်။ ဖောင်ရဖို့ မနက် ၃ နာရီ ၄ နာရီလာစောင့်ရတာတွေ ရှိတယ်။ အခုလည်း ကလေးက ကျောင်းဝင်ခွင့်တော့ရပါပြီ။ ကျောင်းအပ်ဖို့ အတွက် စောင့်ဆိုင်းနေတာပါ” လို့ KG အတန်းမှ ကျောင်းသူတစ်ဦးရဲ့ မိခင် ဒေါ်ဝင်းဝင်းခိုင်က Duwun ကိုပြောပါတယ်။
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) မှာ ကျောင်းဝင်ခွင့်ရဖို့ မူဝါဒလေးခုသတ်မှတ်ထားပြီး မောင်နှမ အရင်းအချာရှိသူ၊ ပညာရေးဝန်ကြီးဌာန က ဝန်ထမ်းတွေရဲ့သားသမီးဖြစ်သူ၊ ကမာရွတ် (၉) ရပ်ကွက်မှာနေထိုင်သူတွေ ကို လက်ခံတာဖြစ်တယ်လို့သိရပါတယ်။
“ ကျောင်းတိုင်းမှာ Facilites တွေ၊ ပံ့ပိုးနိုင်မှုတွေ တူနေရင်တော့ မိဘတွေက နယ်ကျော်ကျောင်းအပ်တာမျိုးတွေ လုပ်မှာမဟုတ်တော့ပါဘူး။ သင်ရိုးသစ်မှာ KG+12 ဖြစ်လာရင် တစ်ကျောင်းထဲမှာပဲ လူဦးရေများလာမှာမို့ အခုလို နယ်မြေကန့်သတ်ရတာပါ” လို့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းနွဲ့က ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ သူငယ်တန်း အပါအဝင် ၁၂ တန်းလို့ ခေါ်တဲ့ KG+12 စနစ်နဲ့ သင်ကြားနိုင်ဖို့အတွက် အတန်းတွေကို နှစ်အလိုက် သင်ရိုးညွှန်းတမ်းအသစ်တွေနဲ့ ပြောင်းလဲသင်ကြားနိုင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
Share