ကမ္ဘာ့ဖလား ယူ၁၇ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်နဲ့ ဝင်ရောက်ကစားနေတဲ့ အင်ဒိုနီးရှား ယူ၁၇ အသင်းကတော့ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှင်သန်နေပါတယ်။ အုပ်စုနှစ်ပွဲ ကစားအပြီးမှာ အင်ဒိုနီးရှားတို့ သရေနှစ်ပွဲကျခဲ့ပါတယ်။ အီကွေဒေါ၊ ပနားမားတို့နဲ့ ၁-၁ ပွဲတွေဖြစ်ခဲ့ပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေက အားကောင်းနေတာပါ။
အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားက မော်ရိုကိုနဲ့ ကစားရမှာပါ။ မော်ရိုကိုကတော့ အင်ဒိုတို့ သရေကစားခဲ့တဲ့ အီကွေဒေါကို အရေးနိမ့်ခဲ့လို့ အိမ်ရှင်တွေအတွက် ပိုပြီးတော့ စိတ်ကူးယဉ်ချင်စရာကောင်းနေပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ နိုင်ပွဲရအောင် ကစားဖို့တော့ လိုအပ်နေပြီး ၃ မှတ်ရထားတဲ့ မော်ရိုကိုက သရေခံကစားနိုင်ဖို့သာ လိုနေတာပါ။
အာဆီယံဒေသတွင်းမှာ ဘောလုံးလောက အရှိန်အဟုန်ကောင်းကောင်းနဲ့ ကြီးထွားလာတဲ့ အင်ဒိုနီးရှားဟာ သက်တမ်းအလိုက် လူငယ်အသင်းတွေ ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။ ဆီးဂိမ်းရွှေတံဆိပ်ကိုလည်း အင်ဒိုနိးရှားတို့ ဆွတ်ခူးနိုင်ခဲ့ပြီး လူငယ်ကစားသမားတွေ အရည်အသွေးကောင်းမွန်အောင် တစိုက်မတ်မတ်အားထုတ်ခဲ့တဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရတာလည်း ဖြစ်ပါတယ်။
အိမ်ရှင်ဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတဲ့ တခုတည်းသော အာဆီယံအသင်းဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်လို့ အလိုအလျောက်ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့ခြေစွမ်းက ချီးကျူးစရာကောင်းတာတော့ အမှန်ပါပဲ။ တောင်အမေရိကက အီကွေဒေါကိုတောင် သရေခံကစားနိုင်ခဲ့လို့လည်း အင်ဒိုပရိသတ်တွေက ဂုဏ်ယူနေကြပါတယ်။