နေနဲ့ ဒုတိယမြောက်အနီးဆုံးဂြိုလ်ဖြစ်တဲ့ သောကြာဂြိုလ်သွား အာကာသခရီးတွေtအပါအဝင် အာကာသစီမံကိန်းတွေအတွက် ယူအေအီးနိုင်ငံဟာ ဒေါ်လာသန်း ၈၀၀ ကျော် ရံပုံငွေတစ်ရပ် စိုက်ထူလိုက်တယ်လို့ ဆိုပါတယ်။ 

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) ဟာ အာကာသဂြိုလ်တုတွေ ထုတ်လုပ်မှုလုပ်ဖို့ ဒါရန် ၃ ဘီလျံ (ဒေါ်လာ သန်း ၈၂၀) ရံပုံငွေတစ်ခု မ,တည်လိုက်ကြောင်း TechTimes သတင်းက ဖော်ပြပါတယ်။ ယူအေအီးနိုင်ငံရဲ့ အာကာသပရိုဂရမ်ကို ထောက်ပံ့ဖို့နဲ့ ကိုယ်ပိုင်ဂြိုလ်တုတွေ ထုတ်လုပ်ဖို့အတွက် ရံပုံငွေတည်လိုက်တာပါ။ ယူအေအီးနိုင်ငံဟာ အင်္ဂါဂြိုလ်ပတ်ဖို့လည်း စူးစမ်းမှုတွေ လုပ်ထားသလို သောကြာဂြိုလ် (ဗီးနပ်စ်) နဲ့ အာကာသစူးစမ်းရှာဖွေမှုတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။ 





နိုင်ငံရဲ့ အာကာသစီမံကိန်းထဲမှာ ဒေါ်လာသန်း ၈၂၀ တန် အမျိုးသားရံပုံငွေတစ်ရပ် ထူထောင်ဖို့နဲ့ ခေတ်မီ ရေဒါဂြိုလ်တုတွေ ထုတ်လုပ်ဖို့ အမျိုးသားအဆင့်စီမံကိန်းတစ်ရပ် စတင်ဖို့လည်း ပါဝင်နေပါတယ်။ ဂြိုလ်တုတွေကနေ ၂၄ နာရီပတ်လုံး တစ်ကမ္ဘာလုံးရာသီဥတု ပုံရိပ်တွေကို ဖမ်းယူနိုင်မယ်လို့လည်း ယူအေအီးနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ မိုဟာမက် ဘင် ဇာယတ်က ပြောပါတယ်။ 

အာကာသပရောဂျက်တွေဟာ ယူအေအီးရဲ့ ရာသီဥတုပြောင်းလဲရေးအတွက် အဖြေရှာဖို့နဲ့ ကပ်ဘေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ‌ ရေရှည်တည်တံ့မှုတွေကို ပိုပြီး စီမံခန့်ခွဲနိုင်ဖို့ အကူအညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်ရေးအပါအဝင် အာကာသစီမံကိန်းတွေကနေ ရေနံယိုစိမ့်မှု ထောက်လှမ်းရေး ၊ သင်္ဘောတွေ စောင့်ကြည့် ရှာဖွေ ကယ်ဆယ်ရေးတွေလို နေရာာမျိုးတွေပါ အသုံးချနိုင်မယ်လို့လည်း ပြောပါတယ်။ 

ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ယူအေအီးရဲ့ အာကာသအစီအစဉ်နဲ့ ဂြိုလ်တုတွေအတွက် ရံပုံငွေမ,တည်မှုဟာ နှစ်ဖက်မြင် သုံးဖက်မြင်ပုံရိပ်ဖော်ဆောင်နိုင်မယ့် ရေဒါဂြိုလ်တုအစုအဝေးကြီးတစ်ခု ဖန်တီးနိုင်မယ့် ပထမဆုံးအာရတ်နိုင်ငံအဖြစ်ကို ရောက်လာစေမှာပါ။ ယူအေအီးဟာ လာမယ့် ၂၀၂၉ မှာ သောကြာဂြိုလ်စူးစမ်းရေးတွေ လုပ်ဖို့ နဲ့ အင်္ဂါဂြိုလ်ကို ပတ်သွားမယ့် အာကာသယာဉ်လွှင့်တင်ရေးတွေပါ လုပ်ဆောင်ဖို့ မျှော်မှန်းထားပါတယ်။ 


ယူအေအီးနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ဂျပန်နိုင်ငံ Tanegashima အာကာသစင်တာကနေ KhalifaSat ဂြိုလ်တုကို လွှင့်တင်ခဲ့ပါတယ်။ KhalifaSat ဟာ ယူအေအီးနိုင်ငံရဲ့ သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာတွေချည်း သုံးပြီး ဒီဇိုင်းထုတ် ၊ တည်ဆောက်ပြီး နိုင်ငံအတွင်းမှာပဲ စမ်းသပ်မှုလုပ်ထားတဲ့ ပထမဆုံးဂြိုလ်တုလည်း ဖြစ်ပါတယ်။ ဒီဂြိုလ်တုကို ဒူဘိုင်းမှာရှိတဲ့ Mohammed bin Rashid Space Center (RSC) ဌာနမှာ ၅ နှစ်ကြာ တပ်ဆင်ထားတာပါ။ 

၂၀၁၄ ခုနှစ်မှာ အာကာသအေဂျင်စီ တည်ထောင်ခဲ့တဲ့ ယူအေအီးနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာအာကာသစခန်း ISS ကို နိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်မှူး စေလွှတ်နိုင်ခဲ့ပါတယ်။ ယူအေအီးနိုင်ငံဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ လကမ္ဘာကို လူမဲ့အာကာသယာဉ်တစ်စီး စေလွှတ်ဖို့လည်း စီစဉ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က