စာပို့ app တစ်ခုဖြစ်တဲ့ ToTok ဟာ ယူအေအီးနိုင်ငံအတွက် စောင့်ကြည့်ရေး tool တစ်ခုအဖြစ် အသုံးပြုနေဖွယ် ရှိတယ်လို့ New York Times မှာ ဖော်ပြထားပါတယ်။
အမည်မဖော်ထားတဲ့ အမေရိကန်အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားတဲ့ ဒီသတင်းမှာ ယူအေအီးဟာ ToTok ကို သုံးပြီး သုံးစွဲသူတွေရဲ့ အပြန်အလှန်စကားပြောချက်တွေ ကြည့်တာ ၊ တည်နေရာ ခြေရာခံတာ နဲ့ လူမှုရေး အဆက်အသွယ်တွေ ကြည့်တာမျိုး လုပ်နေတယ်လို့ ဆိုပါတယ်။
Photo: fossbytes
ToTok ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ စတင် ဖြန့်ချိထားတဲ့ app တစ်ခု ဖြစ်ပြီး လက်ရှိ ကမ္ဘာအရပ်ရပ်မှာ ဒီ app ကို ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်အရေအတွက်ဟာ သန်းပေါင်းများစွာ ရှိလာပါတယ်။ ဒီ app ကို သုံးစွဲနေတဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေထဲက အများစုဟာ ယူအေအီးက ဖြစ်ပေမယ့် ကမ္ဘာတစ်လွှားမှာလည်း ToTok app သုံးစွဲသူဦးရေဟာ မြင့်တက်လာနေပါတယ်။
သုတေသီနဲ့ ကွန်ပျူတာလုံခြုံရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ToTok app ကို တရားဝင် ရေးဆွဲတဲ့ ကုမ္ပဏီဟာ Breej Holding ဖြစ်ပြီး ဒီ ကုမ္ပဏီဟာ ဆိုင်ဘာရာဇဝတ်မှုတွေအတွက် FBI ကနေ စုံစမ်းမှု လုပ်နေတဲ့ အဘူဒါဘီအခြေစိုက် အမ်းမရိတ်ထောက်လှမ်းရေးကုမ္ပဏီ DarkMatter ရဲ့ မျက်နှာဖုံးတစ်ခုလို့လည်း ဆိုပါတယ်။
Photo: Apple Insider
DarkMatter ဟာ အမ်းမရိတ်ထောက်လှမ်းရေး အရာရှိများ ၊ အမျိုးသားလုံခြုံရေး ဝန်ထမ်းဟောင်းများနဲ့ အစ္စရေး ထောက်လှမ်းရေးက အရာရှိဟောင်းများကို အလုပ်ခန့်ထားတဲ့ ဆိုက်ဘာထောက်လှမ်းရေးကုမ္ပဏီလည်း ဖြစ်တယ်လို့ The Times က ဆိုပါတယ်။ ToTok ဆော့ဖ်ဝဲလ်ဟာ Pax AI ဆိုတဲ့ အချက်အလက် ဖော်ထုတ်ရေးကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်နေပြီး Pax AI ဟာ DarkMatter နဲ့လည်း အဆက်အသွယ်ရှိနေတယ်လို့ သတင်းများ ထွက်ထားပါတယ်။
Breej Holding ၊ UAE နဲ့ CIA တို့ကတော့ ဒါကို မှတ်ချက်ပြုဖို့ ငြင်းဆန်ထားပြီး FBI ကတော့ app တစ်ခုချင်းကို မှတ်ချက်ပြုတာထက် သုံးစွဲသူတွေအနေနဲ့ ကြုံလာနိုင်တဲ့ ဘေးအန္တရာယ်နဲ့ ထိခိုက်နစ်နာမှုတွေကို သတိပြုထားဖို့ ပြောထားပါတယ်။ မကြာသေးမီကပဲ Apple နဲ့ Google တို့ဟာ ToTok app ကို သူတို့ရဲ့ App Stores တွေပေါ်ကနေ ဖယ်ရှားခဲ့ပေမယ့် ဖုန်းတွေထဲ ထည့်ထားတဲ့ apps တွေကတော့ သုံးသူဘက်က မဖျက်မချင်း အလုပ်လုပ်နေဦးမှာပါ။