ယူရိုပါလိဂ်ဗိုလ်လုပွဲက ဖြစ်ရပ်ကြောင့် ပွဲပယ်ခံရတာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက သူ့ကို ယူအီးအက်ဖ်အေက (၄) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့နောက် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) မှာ သူတာဝန်ယူထားတဲ့ ရာထူးကနေပါ နှုတ်ထွက်သွားခဲ့ကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုဟာ ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲက ဖြစ်ရပ်တွေကြောင့် အခုလိုမျိုး ပွဲပယ်ခံခဲ့ရတာပါ။



ဆီဗီလာနဲ့ ရိုးမားတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ အင်္ဂလန်လူမျိုး အန်သိုနီတေလာဟာ အဆိုပါပွဲမှာ ရိုးမားတို့ နစ်နာရမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး ရိုးမားတို့ ရသင့်ရထိုက်တဲ့ ပင်နယ်တီတွေကို မျက်ကွယ်ပြုခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲချိန်အတွင်းမှာတင် မော်ရင်ဟိုက ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ပြီး အဝါကတ်ထိခဲ့ပါတယ်။

ပွဲအပြီး ကားပါကင်အတွင်းမှာလည်း မော်ရင်ဟိုက ဒိုင်လူကြီးအဖွဲ့ စီးနင်းလာတဲ့ ကားကို စောင့်ဆိုင်းကာ အန်သိုနီတေလာကို “အရှက်မရှိတဲ့ကောင်” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်သမုတ်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေကြောင့် ယူအီးအက်ဖ်အေက မော်ရင်ဟိုကို (၄) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ပွဲကစားနေစဥ် ကွင်းအတွင်းကို အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ရိုးမားပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့်လည်း ရိုးမားတို့ လာမယ့်ရာသီ ဥရောပပွဲမှာ အဝေးကွင်းပွဲတစ်ပွဲကို ပရိသတ် လိုက်ပါကြည့်ရှုခွင့်ရရှိမှာ မဟုတ်တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ယူအီးအက်ဖ်အေရဲ့ ဘုတ်အဖွဲ့ဝင်ရာထူးကို တရားဝင် ရယူခဲ့ပြီး အခုချိန်မှာတော့ ဒီရာထူးကို စွန့်လွှတ်ခဲ့ပြီဖြစ်ပါတယ်။ မော်ရင်ဟိုက “ဒီလိုမျိုး ယူအီးအက်ဖ်အေရဲ့ အဖွဲ့ဝင်ရာထူးကို ရယူဖို့အတွက် ဖိတ်ကြားခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အသိပေးချင်တာက ကျွန်တော့်အနေနဲ့ ဒီအဖွဲ့ထဲကနေ ချက်ချင်း နှုတ်ထွက်လိုက်ပါတယ်”

“ကျွန်တော် စစချင်း ဒီအဖွဲ့မှာ ပါဝင်ခဲ့တုန်းက အခြေအနေတွေနဲ့ အခုနဲ့ မတူတော့ပါဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်ထံ အသိပေးဖို့ ပြောကြားလိုပါတယ်” လို့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဘုတ်အဖွဲ့ဟာ နည်းပြတွေ၊ ကစားသမားတွေ ပါဝင်တဲ့ ဘုတ်အဖွဲ့ဖြစ်ပြီး ဘောလုံးပွဲတွေရဲ့ ဥပဒေသတွေ၊ ဒိုင်လူကြီးတွေနဲ့ ဘောလုံးပြက္ခဒိန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးအဖြေထုတ်လေ့ရှိတဲ့ ဘုတ်အဖွဲ့လည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က