အဆိပ်ရှိတဲ့မြွေတွေပါမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ဖယ်ခုံဒေသမှာ ကြွက်အန္တရာယ်ကြောင့် ယာခင်းသီးနှံတွေဆုံးရှုံးခဲ့ရတဲ့ အတွက် ဒီနှစ်မှာတော့ သီးနှံအထွက်တိုးအောင် ကြွက်ကိုနိုင်တဲ့ မြွေတွေကို ပြည်နယ်အစိုးရရဲ့စီမံမှုနဲ့လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာလယ်ယာစိုက်ခင်းတွေမှာ ကြွက်အန္တရာယ်ကိုနှိမ်နင်းရန်အတွက် မြွေအကောင် (၂၀၀) ရာကျော်ကို ဇန်နဝါရီလ(၁၅)ရက်နေ့က စတင်ပြီး ပြည်နယ်အစိုးရရဲ့ စီမံမှုနဲ့ လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ဖယ်ခုံမြို့နယ်က စပါးစိုက်ခင်းတွေမှာ နှစ်တိုင်းနီးပါးလိုလို ကြွက်အန္တရာယ်ကျရောက်လေ့ရှိပြီး စပါးခင်းတွေပျက်စီးဆုံးရှုံးလေ့ရှိတာကြောင့် ဒီနှစ်မှာတော့ ကြွက်အန္တရာယ်ကိုကာကွယ်နိုင်ရန် ကြွက်ကိုနိုင်တဲ့ မြွေတွေလွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဖယ်ခုံဒေသရဲ့စပါးစိုက်ခင်းတွေမှာ စပါးခင်းအကုန်ပျက်စီးလောက်တဲ့အထိ ကြွက်အန္တရာယ်ကျရောက်ခဲ့တာ။ ဒီနှစ်မှာတော့ ပြည်နယ်အစိုးရအဖွဲ့ကလည်း တောင်သူတွေအတွက် နစ်နာဆုံးရှုံးမှုမရှိအောင် ကြွက်အန္တရာယ်နှိမ်နင်းနိုင်ရန်အခုလိုဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကြွက်ကိုနိုင်တာလည်းမြွေပဲရှိတာလေ။ စပါးခင်းတွေမှာလည်း ပိုးသတ်ဆေးတွေတော့ဖြန်းထားတယ်။ ဒါပေမယ့်ပိုသေချာအောင် မြွေတွေလွှတ်ခဲ့တာ။ အကောင်ရေ(၂၀၀)ကျော်လောက်ရှိတယ်” လို့ ဖယ်ခုံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်က Duwun ကိုပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ကတော့ လွှတ်လိုက်တဲ့ မြွေထဲမှာ အဆိပ်ရှိတဲ့မြွေပါရင် ဒေသခံတွေအတွက် အန္တရာယ်ရှိတယ်ဆိုပြီး ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်က အဆိပ်ရှိတဲ့မြွေတွေမပါတဲ့အတွက် ဒေသခံပြည်သူတွေ မစိုးရိမ်ကြဖို့နဲ့ ဒီနှစ်မှာတော့ စပါးအထွက်နှုန်းတိုးလာနိုင်မှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဖယ်ခုံ ဒေသဟာ ပြီးခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ ခုနှစ်ကာလတွေမှာတုန်းက ယာခင်းတွေထဲမှာ ကြွက်အကောင်ရေ သောင်းနဲ့ချီကျရောက် ခဲ့လို့ လယ်သမားတွေရဲ့ သီးနှံတွေအားလုံးပျက်စီးဆုံးရှုံးခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ ကျေးရွာအလိုက် ကြွက်ကိုနိုင်တဲ့ မြွေတွေလွှတ်ထားတဲ့အတွက် ယခင်နှစ်တွေကထက် သီးနှံအထွက်နှုန်းတိုးလာမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရက မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က