ဆိုးလ်ရှားဟာ (၃) နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင်(၇)သန်းအထိ ရရှိမှာလည်း ဖြစ်တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။
အသင်းကို ပရီးမီးယားလိဂ်ဖလား ပြန်လည်ရရှိအောင် ကြိုးစားပေးသွားမယ်လို့ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက်မှာ အိုလီဂန်နာဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားဟာ (၃) နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင်(၇)သန်းအထိ ရရှိမှာလည်း ဖြစ်တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။
အသက် (၄၆)နှစ်အရွယ် နော်ဝေလူမျိုးနည်းပြက သူ့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တယ်လို့လည်း ပြောဆိုခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားကို ရယူပေးသွားဖို့လည်း သန္နိဌာန်ချမှတ်သွားခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေးဖလား ဆွတ်ခူးဖို့နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။
"ပရီးမီးယားလိဂ်ဖလားက ကျွန်တော်တို့အတွက်တော့ အဓိကပါပဲ၊ ဒီဖလားကို နောက်တစ်ကြိမ်ပြန်လည်ကိုင်မြှောက်ခွင့်ရဖို့က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါ၊ ဆုဖလားရရှိအောင်လည်း ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ စွမ်းဆောင်ပြနိုင်ခဲ့ပြီးပါပြီ၊ တကယ်လို့ ကျွန်တော် အသင်းက ထွက်ခွာသွားချိန်မှာ ပရီးမီးယားလိဂ်အောင်မြင်မှုကို ချန်ထားရစ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော် ဂုဏ်ယူမိပါလိမ့်မယ်"
"ကျွန်တော်က ပျော်ရွှင်တဲ့ လူသားတစ်ယောက်၊ ဆုံးဖြတ်တဲ့အတိုင်း ပြုလုပ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာမှာပါ၊ ပရီးမီးယားလိဂ်ဖလားရရှိဖို့အတွက် နှစ်အကြာကြီး ကျွန်တော်တို့ မစောင့်နိုင်ပါဘူး၊ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ကတော့ ခဏလေးနဲ့တော့ ရလာမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ တစ်ဆင့်ချင်းစီသွားရမှာပါ"
"အနိုင်ရသူ၊ ချန်ပီယံတစ်ယောက်ဖြစ်ခဲ့ဖူးတာတွေကို ပြန်ပြီးခံစားကြည့်မယ်ဆိုရင် ဒီကစားသမားတွေနဲ့အတူ ဒီခံစားချက်တွေကို ပြန်ပြီးရယူဖို့အတွက် ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ ဆိုးလ်ရှားက နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက်မှာ ပြောကြားသွားခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ သူ ဆုံးဖြတ်ထားသလို ဖြစ်မြောက်အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာကိုတော့ လာမယ့်ဘောလုံးရာသီသစ်မှာ စောင့်ကြည့်ရတော့မှာပါ။