အသင်းက သူ့ကို တစ်ပတ်ပေါင်တစ်သိန်းနှစ်သောင်းကျော်ပေးချေရဦးမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးအလက်ဆစ်ဆန်းချက်ဇ်ဟာ အင်တာမီလန်ကို အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ ဇွန်လအထိ ဆန်စီရိုမှာ ဆန်းချက်ဇ်က ကစားသွားမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူဖို့အတွက် သဘောတူညီမှုတော့ မပါဝင်ဘူးလို့ သတင်းတွေက ကျယ်ကျယ်ပြန်ပြန့်ဖော်ပြခဲ့ကြပါတယ်။

ဒီအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဆန်းချက်ဇ်ရဲ့ ၁၀လစာ လစာငွေအဖြစ် ပေါင် (၆)သန်းနီးပါးကို ပေးချေသွားရမှာဖြစ်ပြီး အင်တာမီလန်ကတော့ ပေါင် ၉.၆၄သန်း ပေးချေရလိမ့်မယ်လို့ Give Me Sport က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းအထိ ရရှိနေခဲ့တဲ့ ဆန်းချက်ဇ်အတွက် အိုးထရက်ဖို့ဒ်ကလပ်က လစာတစ်စိတ်တစ်ပိုင်းကိုထည့်သွင်းပေးချေရမှာဖြစ်ပါတယ်။

အဆိုပါလစာငွေပမာဏက အသက် (၃၁) နှစ်အရွယ် ကစားသမားကို ယူနိုက်တက်က တစ်ပတ်လုပ်ခ ပေါင် (၁၂၁၀၀၀) အထိ ပေးချေရမယ့် သဘောလည်းဖြစ်ပြီး ဆန်းချက်ဇ်ဟာ အသင်းရဲ့ လစာအမြင့်ဆုံးကစားသမားစာရင်းမှာ အဆင့် (၈)နေရာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ချီလီတိုက်စစ်မှူးအနေနဲ့ အသင်းပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ ထိပ်တန်းလစာငွေရရှိသူစာရင်းမှာ ပါဝင်နေဆဲလည်းဖြစ်ပါတယ်။

ဆန်းချက်ဇ်ထွက်ခွာသွားခဲ့ရင် ယူနိုက်တက်ရဲ့လစာအများဆုံးရကစားသမားအဖြစ် ပေါ့ဂ်ဘာက ပေါင်နှစ်သိန်းကိုးသောင်း၊ မာရှယ်က ပေါင်နှစ်သိန်းခွဲ၊ ဒီဂီယာက ပေါင်နှစ်သိန်း၊ ရက်ရှ်ဖို့ဒ်က ပေါင်နှစ်သိန်း၊ မက်ဂွိုင်းယားက ပေါင်တစ်သိန်းရှစ်သောင်းကိုးထောင်၊ ဟွမ်မာတာက ပေါင်တစ်သိန်းခြောက်သောင်း၊ လုခ်ရှောက ပေါင်တစ်သိန်းခွဲနဲ့ ထိပ်ဆုံး (၇)ဦးအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။


Share

က္က