ဆိုးလ်ရှားရဲ့အသင်းဟာ ချယ်လ်ဆီးကို ဒီရာသီမှာ နှစ်ကြိမ်တိတိအနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး လမ်းပတ်ကတော့ ဆိုးလ်ရှားနဲ့အတွေ့မှာ ရှုံးပြီးရင်းရှုံးနေခဲ့ပါတယ်။
ပရိသတ်တွေ စိတ်ဝင်တစားရှိနေခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ယူနိုက်တက်တို့ရဲ့ ကာရာဘောင်းဖလားပွဲမှာတော့ ယူနိုက်တက်က အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ချယ်လ်ဆီးကို ဒီရာသီမှာ နှစ်ကြိမ်တိတိအနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး လမ်းပတ်ကတော့ ဆိုးလ်ရှားနဲ့အတွေ့မှာ ရှုံးပြီးရင်းရှုံးနေခဲ့ပါတယ်။
ဖလားပြိုင်ပွဲဖြစ်လို့ လူငယ်ကစားသမားတချို့ကို နှစ်သင်းစလုံးက ထည့်သွင်းကစားခဲ့ကြပါတယ်။ ယူနိုက်တက်က အဓိကကစားသမားပါဝင်မှုအနည်းငယ်များပြားနေခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်မှာ ချယ်လ်ဆီးကို မာမာထန်ထန်နဲ့ တုံ့ပြန်နိုင်ခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်ကို အလွန်ဆိုရဲ့ဖြတ်ထုတ်မှုကတဆင့် ရရှိတဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က ကန်သွင်းယူပေးခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ဂိုးပြန်ရဖို့ အားထည့်ကစားလာပြီးနောက် အခွင့်အရေးတွေရခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဆုံးသတ်မယ့်သူမရှိဖြစ်နေခဲ့သလို လွဲချော်မှုတွေကြောင့်လည်း အခက်တွေ့နေခဲ့ရပါတယ်။ ဒီအတွက် ဒုတိယပိုင်းမှသာ ဘတ်ရှူဝါရီက လှလှပပကန်သွင်းယူပြီး ချေပပေးနိုင်ခဲ့ပါတယ်။
အပြန်အလှန်ထိုးဖောက်မှုတွေရှိနေခဲ့ပြီးနောက် ၇၃ မိနစ်မှာ ယူနိုက်တက်က အလွတ်တည်ကန်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။ ၃၅ ကိုက်အကွာကနေ ကန်သွင်းယူရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က ကန်သွင်းခဲ့ရာမှာတော့ လှလှပပနဲ့ ဂိုးသွားခဲ့ပါတယ်။ ချယ်လ်ဆီးဂိုးသမားရဲ့ ညာဘက်ထောင့်ကို အတိအကျကန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တော်တော်လေးအဆင့်အတန်းမြင့်မားတဲ့သွင်းဂိုးလည်း ဖြစ်ပါတယ်။
လက်ကျန်မိနစ်တွေမှာ ချေပဂိုးရဖို့ ချယ်လ်ဆီးဘက်က အားကုန်ထုတ်ခဲ့ပြီး အေဘရာဟမ်ပါ ဝင်လာခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ဒီအတွက် ပရီးမီးယားလိဂ်မှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့မှုကို အိမ်ကွင်းမှာ ပြန်လက်တုံ့ပြန်ဖို့ ကြိုးစားမယ်ဆိုတဲ့ လမ်းပတ်အနေနဲ့ အရှုံးပေါ် အရှုံးထပ်ခဲ့ပြီး ဒီရာသီမှာ ယူနိုက်တက်ကို နှစ်ကြိမ်တိုင်တိုင်အရေးနိမ့်ထားခဲ့ပြီဖြစ်ပါတယ်။