ဒါ့အပြင် ဖေဖော်ဝါရီ (၂၄)ရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲကိုလည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ Telegraph က ဖော်ပြသွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ယူနိုက်တက်ကစားသမား လင်ဂတ် နဲ့ မာရှယ်တို့ဟာ လာမယ့် တနင်္လာနေ့မှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားပွဲကို လွဲချော်ဖွယ် ရှိတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အတွဲအဖက်မိမိ ကစားပေးနေခဲ့တဲ့ အဆိုပါကစားနှစ်ဦး မပါဝင်နိုင်ပါက ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းဟာ အားနည်းသွားမှာ ဖြစ်ပြီး ဆိုးလ်ရှားအတွက်တော့ ပထမဆုံးရှုံးပွဲကြုံအပြီးမှာ နောက်ထပ်စိတ်ပျက်စရာ အခြေအနေတွေကို
ရင်ဆိုင်လာရပြီလည်း ဖြစ်ပါတယ်။
လင်ဂတ်ဟာ ပီအက်စ်ဂျီနဲ့ပွဲ ပထမပိုင်းပြီးခါနီးမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အလက်ဆစ်ဆန်းချက်ဇ် နဲ့ လူစားလဲလှယ်ခဲ့ရသလို မာရှယ်ကလည်း ဒုတိယပိုင်းမှာပဲ မာတာနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ မာရှယ်ကတော့ ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပြီး ပွဲချိန်အတွင်း ဆေးကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆက်လက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီကို ရှုံးနိမ့်အပြီး ပထမဆုံးရှုံးပွဲကို ဆိုးလ်ရှား ရင်ဆိုင်ခဲ့ရသလို ပေါ့ဂ်ဘာကလည်း ပွဲပြီးခါနီးမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ဒုတိယအကျော့ကို လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် အသင်းကို (၁၁)ပွဲ ကိုင်တွယ်ခဲ့ရမှာ (၁၀)ပွဲအထိ အနိုင်ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားက ပျားရည်ဆမ်းကာလတွေက ကုန်ဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
"လာမယ့်ပွဲစဉ်တွေအတွက် သူတို့နှစ်ဦးကို ကျွန်တော်တို့ လိုအပ်ပါတယ်၊ လင်ဂတ် နဲ့ မာရှယ်က အသင်းလူစာရင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်၊ သူတို့က ကောင်းကောင်းကစားနိုင်သူတွေဖြစ်ပါတယ်၊ သူတို့နှစ်ဦး မပါဝင်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ကာင်းဆုံးကစားနိုင်မလဲဆိုတာကို ရှာဖွေနိုင်ဖို့ လိုအပ်နေပါပြီ" လို့ အသက် (၄၅)နှစ်အရွယ် ဆိုးလ်ရှားက ကစားသမားနှစ်ဦး ဒဏ်ရာရရှိအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။