ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဖလားပွဲစဉ်ဖြစ်တဲ့ စထရာဘော့နဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ ညာခြေထောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် နေမာကို လူစားလဲလှယ်ခဲ့ရပြီး ကွင်းအတွင်းကအထွက်မှာ နေမာဟာ မျက်ရည်တောင်ကျခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။
စထရာဘော့ကွင်းလယ်လူ ဇန်ဇီမီနဲ့ ထိခိုက်မိခဲ့ပြီးနောက်မှာ နေမာက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဇန်ဇီမီက နေမာကို (၃)ကြိမ်တိတိ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲချိန်အတွင်းမှာ ဇန်ဇီမီရဲ့ ဖျက်ထုတ်မှုအပေါ် နေမာက ဒေါသထွက်နေခဲ့ပြီး သူတို့နှစ်ဦး ရင်ဆိုင်ရတိုင်းမှာ
ခပ်ကြမ်းကြမ်းကစားမှုတွေလည်း ရှိနေခဲ့ပါတယ်။
ပွဲချိန် (၆၂)မိနစ်မှာတော့ ဆေးဝါးကုသမှု ခံယူပြီးနောက် ပြန်လည်ကစားနေခဲ့တဲ့ နေမာရဲ့ ခြေကျင်းဝတ်ဒဏ်ရာက မသက်သာခဲ့လို့ မူဆာဒီယာဘီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ကွင်းအတွင်းက ထွက်ခွာခဲ့စဉ်မှာ နေမာက မျက်ရည်တွေကျခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ နေမာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ တူချယ်လ်ကတော့ စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
"နေမာနဲ့ ကျွန်တော် စကားမပြောရသေးပါဘူး၊ ဘာလို့လဲဆိုတော့ သူ ဆေးရုံကို ရောက်နေပါတယ်၊ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာ ရှိနေပါတယ်၊ တကယ်ကို စိတ်ပျက်စရာပါပဲ၊ ပြီးခဲ့တဲ့နှစ်ကလညး သူ အခုလိုမျိုး ဒဏ်ရာရရှိခဲ့တာပါ" လို့ တူချယ်လ်က ပွဲအပြီးမှာ နေမာရဲ့ အခြေအနေကို ပြောပြသွားခဲ့ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းမှာလည်း ဒဏ်ရာရရှိခဲ့ဖူးပြီး ကာလရှည်အနားယူခဲ့ရသူ ဖြစ်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာအခြေအနေမျိုးနဲ့ တွေ့ကြုံရမှာကို တူချယ်လ်က စိုးရိမ်နေတာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ကာလရှည်အနားယူရမယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားသွားမှာဖြစ်ပြီး မတ်လ (၇)ရက်နေ့မှာ ဒုတိယအကျော့ကို ပဲရစ်မှာ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် နေမာရဲ့ ဒဏ်ရာရရှိသွားမှုက ပီအက်စ်ဂျီအတွက် စိုးရိမ်စရာ ဖြစ်နေသလို မန်ချက်စတာယူနိုက်တက်အတွက် သတိထားရမယ့် ပြိုင်ဘက်ကစားသမားတစ်ဦးကို ရှောင်လွှဲနိုင်မှာလားဆိုတာ မကြာခင်မှာ သိရှိရတော့မှာပါ။