အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားက ဘယ်သူလဲဆိုတာကို ပြောပြလိုက်ပါတယ်။ ရှာခါ၊ အော်ဘာမီယန်တို့ရဲ့ ဂိုးတွေနဲ့ ယူနိုက်တက်ကို အနိုင်ယူအပြီးမှာ အာဆင်နယ်ဟာ အဆင့် (၄)နေရာကို တက်လှမ်းသွားခဲ့ပါတယ်။
အမ်မရီက အသင်းရဲ့ ဂိုးသမားလီနိုကို နာမည်ထုတ်ဖော်ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ လီနိုဟာ အာဆင်နယ်အတွက် အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ကာ လူကာကူ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးကန်သွင်းချက်တွေကိုလည်း အကောင်းဆုံးပုံစံနဲ့ ဟန့်တားတားဆီးနိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်။
"ကျွန်တော့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် တကယ်ဂုဏ်ယူမိပါတယ်၊ ယူနိုက်တက်လို အကောင်းဆုံးပုံစံရနေတဲ့ အသင်းတစ်သင်းနဲ့အတွေ့မှာ သူတို့က အစွမ်းကုန်အားထုတ်ကစားပေးခဲ့ကြပါတယ်၊ ပွဲချိန်အပြည့် ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီးတော့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီအတွက် ဝမ်းသာကျေနပ်မိပါတယ်"
"ယူနိုက်တက်က ဒီပွဲမှာ ကွဲပြားခြားနားတဲ့ ပုံစံနဲ့ ကစားလာလိမ့်မယ်လို့ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပွဲကို ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ဂိုးသမားကတော့ အသင်းအတွက် အရေးအပါဆုံးပါပဲ၊ အသင်းအတွက် သူက အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ အားထုတ်မှုအတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်" လို့ အမ်မရီက ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ကတော့ ယူရိုပါလိဂ်ပွဲမှာ ရင်းနက်စ်ကို (၃-၁)နဲ့ ရှုံးနိမ့်မှုကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမှတ်ပေးဇယားမှာ ယူနိုက်တက်ကို (၂)မှတ်အသာစီး ရရှိသွားခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ဆုပ်ကိုင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။