အာဆင်နယ်ကို အရေးနိမ့်ခဲ့ရတဲ့ပွဲဟာ ယူနိုက်တက်ယာယီနည်းပြတာဝန်ကို ယူခဲ့ပြီးနောက် အဆိုးဝါးဆုံး ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူပြောဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ အာဆင်နယ်ကို ရှုံးခဲ့ရတာဖြစ်ပြီး ဆိုးလ်ရှားအတွက်လည်း ပထမဆုံးအကြိမ် ပရိးမီးယားလိဂ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။
အသက် (၄၆)နှစ်အရွယ် နော်ဝေနည်းပြက "ဒီနေ့ပွဲကတော့ တကယ့်ကို အဆိုးရွားဆုံးပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပဲ စပါးကို ဖိအားပေးနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရလို့ပါ၊ ကျွန်တော်တို့ ပွဲတစ်ချို့ကို အနိုင်ရရှိခဲ့ရာမှာ နိုင်ပွဲရဖို့ မထိုက်တန်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်၊ အဲဒီလိုပဲ ရှုံးပွဲကြုံရချိန်မှာလည်း အရှုံးရလဒ်နဲ့ မထိုက်တန်တာမျိုးလည်း ရှိပါတယ်" လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
ရှာခါနဲ့ အဖွင့်ဂိုးမတိုင်ခင်မှာ ယူနီုက်တက်ဟာ သွင်းဂိုးတွေရဖို့အတွက် အခွင့်အရေးတွေ ရျိခဲ့ပေမယ့်လည်း လွဲချော်ခဲ့ရသလို ရှာခါရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်လည်း ချေပဂိုးတွေ ရဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အော်ဘာမီယန်ရဲ့ ပယ်နယ်တီသွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ယူနိုက်တက်ဟာ ရှုံးပွဲကြုံတွေ့ဖို့အတွက် သေချာသွားခဲ့ပါတယ်။
အဆိုပါပယ်နယ်တီနဲ့ ပတ်သက်ပြီးတော့လည်း ဆိုးလ်ရှားက "ဒါက ပယ်နယ်တီလို့ ကျွန်တော်မထင်ပါဘူး၊ ဒါက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ပါပဲ၊ ဒါပေမယ့်လည်း ဂျွန်မော့စ်ကိုတော့ နောက်တစ်ကြိမ် စိတ်ပျက်စရာအဖြစ်နဲ့ မြင်တွေ့ခဲ့ရပါတယ်၊ ဒါက ပယ်နယ်တီပေးလို့ရလောက်တဲ့ အနေအထားမျိုးမဟုတ်ပါဘူး"
"ဒိုင်ဗင်ပစ်တာလို့လည်း ကျွန်တော် မထင်ပါဘူး၊ ဖရက်ဒ်ကိုက ခန္ဓာကိုယ်ကြီးထွားလွန်းနေတာပါ" လို့ ဆိုးလ်ရှားက ပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒီပွဲကို အရေးနိမ့်ခဲ့တဲ့အတွက် ယူနိုက်တက်ရဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေး မျှော်လင့်ချက်ဟာ မှေးမှိန်ခဲ့ရပြီးတော့ အာဆင်နယ်ကို အဆင့် (၄)နေရာရောက်ရှိဖို့ ခွင့်ပြုခဲ့ရပါတယ်။
"တကယ်ကို ခက်ခဲတဲ့ ပွဲပါပဲ၊ ဒါပေမယ့် တုန်လှုပ်စရာမဟုတ်ဘူးလို့တော့ ကျွန်တော်ထင်တယ်၊ စပါးလည်း အရေးနိမ့်ခဲ့တယ်၊ ကျွန်တော်တို့လည်း ရှုံးနိမ့်ခဲ့တယ်၊ ချယ်လ်ဆီးလည်း သရေကျခဲ့တာပါ၊ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ်တိုင်ဖန်တီးရယူနိုင်တဲ့ ကြိးမားတဲ့ အခွင့်အရေး ရှိနေပါသေးတယ်၊ လက်ရှိရပ်တည်မှုကလည်း ကောင်းမွန်ပါတယ်၊ အဆင့် (၃)နေရာနဲ့ (၃)မှတ်သာကွာသလို အဆင့် (၄)နဲ့လည်း (၂)မှတ်ပဲ ကွာဟတာပါ" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။