လာကာဇက်ရဲ့ ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေက နောက်ထပ် (၂)ပွဲ ထပ်မံတိုးမြှင့်ခဲ့လို့ ရန်းနက်စ်နဲ့ ကစားရမယ့် (၁၆)သင်းအဆင့် နှစ်ကျော့လုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်ဟာ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ပထမအကျော့အဖြစ် ဘိုရီဆော့ဗ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ ရိုက်ခဲ့တဲ့အတွက် ဒုတိယအကျော့ကို လွဲချော်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာကာဇက်ရဲ့ ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေက နောက်ထပ် (၂)ပွဲ ထပ်မံတိုးမြှင့်ခဲ့လို့ ရန်းနက်စ်နဲ့ ကစားရမယ့် (၁၆)သင်းအဆင့် နှစ်ကျော့လုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
90 min ရဲ့ ဖော်ပြချက်အရ လာကာဇက်ရဲ့ ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထပ်မံတိုးမြှင့်ခဲ့တာလို့လည်းသိရပါတယ်။ ဘိုရီဆော့ဗ်နဲ့ပွဲ ပွဲချိန် (၈၆)မိနစ်မှာ လာကာဇက်က ဖိလစ်ပိုဗစ်ကို တံတောင်နဲ့ သိသိသာသာ ရိုက်ခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ဒုတိယအကျော့ကို လွဲချော်ခဲ့ရသလို အဆိုပါပွဲမှာ အာဆင်နယ်ကလည်း ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒုတိယအကျော့မှာ အာဆင်နယ်က အိမ်ကွင်းမှာ ၃-၀ နဲ့ ပြန်လည်အနိုင်ယူခဲ့လို့ အာဆင်နယ်အသင်း (၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း (၁၆)သင်းအဆင့်ကိုတော့ တိုက်စစ်မှူးလာကာဇက် လွဲချော်ရပြီလည်း ဖြစ်ပါတယ်။ လာကာဇက်ကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၂)ဂိုးသွင်းယူပေးထားပြီး (၈)ကြိမ် ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။
ယူရိုပါလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်တွေကို မတ်လလယ်လောက်မှာ ကစားသွားမှာဖြစ်ပြီး အာဆင်နယ်အတွက် ပွဲကျပ်မယ့်အနေအထားတွေ ရှိနေခဲ့ပါတယ်။ အဆိုပါကာလမှာ အာဆင်နယ်ဟာ လန်ဒန်ဒါဘီပွဲအဖြစ် စပါးအသင်းနဲ့ အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း အိမ်ကွင်းမှာ လက်ခံကစားရဦးမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ကိုပဲ အာရုံစိုက်မယ်လို့ ဝန်ခံခဲ့တဲ့ အမ်မရီအတွက် မတ်လအတွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အားကိုးရမယ့် တိုက်စစ်မှူးအဖြစ် အော်ဘာမီယန်တစ်ဦးတည်းသာ ရှိနေပြီး အော်ဘာမီယန်အနေနဲ့ ဒဏ်ရာပြသနာနဲ့သာရင်ဆိုင်ခဲ့ရမယ်ဆိုရင် အာဆင်နယ်တိုက်စစ်ပိုင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်ပါတယ်။