Meta Platforms အဖြစ် နာမည်ပြောင်းထားတဲ့ Facebook ဟာ ယူကေမှာ ပေါင်ဘီလျံနဲ့ချီတန်တဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Social Media ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ ၎င်းရဲ့ဈေးကွက်ဩဇာလွှမ်းမိုးမှုကို သုံးပြီး ယူကေသုံးစွဲသူ ၄၄ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမြတ်ထုတ်ခဲ့တယ်လို့ တိုင်ကြားခံထားရတာပါ။ ဗြိတိန် ဘဏ္ဍာရေးလုပ်ထုံးဆိုင်ရာ အာဏာပိုင်အဖွဲ့ FCA အကြီးတန်းအကြံပေးနဲ့ ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေပညာရှင်ဖြစ်သူ လီဇာ လော့ဒယ် ဂရွမ်ဆန်က တိုင်ကြားခဲ့တာ ဖြစ်ပြီး သူမဟာ ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်အတွင်းက Facebook သုံးစွဲသူ ဗြိတိန်နိုင်ငံသားများကိုယ်စား အမှုတည်ဆောက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Photo: hindustantimes
အချက်အလက်အမြတ်ထုတ်ခံရတဲ့ ယူကေနိုင်ငံသား ၄၄ သန်းအတွက် ပေါင် ၂.၃ ဘီလျံ (ဒေါ်လာ ၃.၂ ဘီလျံ) ရလိုကြောင်းလည်း ပြောပါတယ်။ လန်ဒန်မြို့ ပြိုင်ဆိုင်မှုရေးရာ အယူခံရုံးမှာ ကြားနာသွားမယ့် ဒီအမှုမှာ Facebook ဟာ မမျှတတဲ့ စည်းကမ်းချက်နဲ့သဘောတူညီချက်များ ချမှတ်ပြီး သုံးစွဲသူတွေကို ၎င်းရဲ့ လူမှုကွန်ရက်မှတစ်ဆင့် တန်ဖိုးရှိတဲ့ ကိုယ်ရေးအချက်အလက်ဒေတာတွေ ရယူခြင်းဖြင့် ပေါင်ဘီလျံနဲ့ချီ ရခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
လော့ဒယ် ဂရွမ်ဆန်ရဲ့ ကိုယ်စား အမှုလိုက်ပေးမယ့် Quinn Emanuel Urquhart & Sullivan ဥပဒေလုပ်ငန်းကလည်း Facebook ပေါ် တရားစွဲထားကြောင်း အကြောင်းကြားစာပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ iPhone သန်းပေါင်းများစွာကို Google ကုမ္ပဏီ တရားမဝင်ခြေရာခံမှု လုပ်ဆောင်ခြင်းကြောင့် နစ်နာကြေး ပေါင်ဘီလျံနဲ့ချီ တောင်းတဲ့ အမှုကိုတော့ ယူကေ တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ Google ကလည်း ဒီပြဿနာကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒေါက်တာ လော့ဗ်ဒယ် ဂရွမ်ဆန်ရဲ့ တိုင်ချက်အပေါ် Facebook က ပယ်ချထားပြီး "ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေက သူတို့အတွက် တန်ဖိုးရှိတာကြောင့်အပြင် Meta ရဲ့ ပလက်ဖောင်းတွေပေါ် သူတို့မျှဝေတဲ့ အချက်အလက်နှင့် ၎င်းတို့ မည်သည်မည်ဝါဖြစ်သည်ဆိုသည့်အချက်ကို အဓိပ္ပါယ်ရှိရှိ ထိန်းချုပ်နိုင်ခြင်းကြောင့် လူတွေက ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကို သုံးနေကြတာ ဖြစ်တယ်" လို့ တုံ့ပြန်ပါတယ်။ လော့ဗ်ဒယ် ဂရွမ်ဆန်ကတော့ Facebook ဟာ Facebook Pixel လိုမျိုး ပလက်ဖောင်းနဲ့ လုပ်ဆောင်ချက်တွေကနေပါ သုံးစွဲသူရဲ့ Deep Data တွေ စုဆောင်းတယ်လို့ စွပ်စွဲထားပါတယ်။