Photo- U Tun Min Aung
မော်လမြိုင်ကိုလာတဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ပြီး ဒေသခရီးသွားဖွံဖြိုးဖို့ ရည်ရွယ်တဲ့ မော်လမြိုင်ကမ်းနားလမ်းလျှောက်လမ်းကို ဇန်နဝါရီလအတွင်း ဖွင့်လှစ်မယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ကြေညာထားပါတယ်။
တည်ခင်းရောင်းချမယ့် ရွက်ဖျင်တဲ၊ လျှပ်စစ်မီးချောင်း၊ရေစနစ် စတဲ့ လိုအပ်တာတွေကို ပြည်နယ်အစိုးရကလုပ်ဆောင်ပေးမှာ ဖြစ်ပြီး လျှောက်လွှာတွေကို ရောင်းချမယ့်သူတွေကိုယ်တိုင် အခမဲ့ရယူလျှောက်ထားနိုင်တယ်လို့လည်း ကြေညာထားပါတယ်။
မှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ၊ ၁ လက်မပတ်လည် ရောင်စုံ ဓာတ်ပုံ ၃ ပုံနဲ့ အတူလာရောက်လျောက်ထားနိုင်ပြီး ကော်မတီကနေ စိစစ်ပြီးနောက် ရောင်းချခွင့်ကဒ်နဲ့ ဆိုင်ကဒ်တွေ ထုတ်ပေးပြီးမှ တရားဝင်ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။
လျှောက်ထားရာမှာတော့ ရောင်းချမယ့်ပစ္စည်းအမျိုးအမည်ကို ကြိုတင်တင်ပြရမှာဖြစ်ပြီး အစားအသောက်ရောင်းချမယ်ဆိုပါက ဓါတုဗေဒဆိုးဆေးတွေကင်းလွတ်ပြီး သန့်ရှင်းလတ်ဆတ်မှု ရှိရမှာ ဖြစ်သလို ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိ၊မရှိ အစစ်ဆေးခံနိုင်ရမယ်လို့ ကြေညာထားပါတယ်။
ခွင့်ပြုချက်မရဘဲ ရောင်းချမယ့် အရာတွေ ပြောင်းလဲထားတာ၊ အမယ်တွေ ထပ်တိုးထားတာကို စိစစ်တွေ့ရှိရင် ပိတ်သိမ်းခံရမယ်လို့လည်း သိရပါတယ်။
လျှောက်လွှာတွေကို ဒီဇင်ဘာ ၃၀ ရက်ကနေ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အထိ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဗဟိုလမ်း (မော်လမြိုင်) မှာ လာရောက် ထုတ်ယူလျှောက်ထားနိုင်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၇ ရက်ကနေ ဇန်နဝါရီလ ၁၅ ရက်အထိ စီမံခန့်ခွဲမှု ကော်မတီရုံး၊သံလွင်လမ်းနဲ့ ကမ်းနားလမ်းထောင့် (မော်လမြိုင်) မှာ လာရောက်ထုတ်ယူလျှောက်ထားနိုင်မှာပါ။
မော်လမြိုင်ကမ်းနားလမ်းလျှောက်လမ်းကို ပြည်သူတွေအတွက် ညနေခင်း အပန်းဖြေစရာနေရာတစ်ခု အဖြစ် ဖန်တီးပေးနိုင်အောင် နဲ့ မော်လမြိုင်နဲ့ ပတ်ဝန်းကျင်ဒေသခံပြည်သူတွေလည်း အလုပ်အကိုင် တွေ ရရှိစေဖို့ အတွက် ရည်ရွယ်တယ်လို့လည်း မွန်ပြည်နယ် လဝက ဝန်ကြီး ဦးထွန်းမင်းအောင်က ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် ကြေညာထားပါတယ်။
Share