တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ အီရန်က ဆိုပါတယ်။

အီရန်နိုင်ငံက ယူကရိန်းခရီးသည်တင်လေယာဥ်ကို ရည်ရွယ်ချက်မရှိဘဲ လူသားအမှားကြောင့် ပစ်ချခဲ့မိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

(Photo: AFP)

ယူကရိန်းလေယာဥ်ဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အရေးကြီးတဲ့ စစ်ဘက်နေရာတစ်ခုနီးမှ ပျံသန်းသွားခဲ့တယ်လို့လည်း အီရန်အစိုးပိုင် ရုပ်မြင်သံကြားသတင်းဌာနကက ယနေ့ (ဇန်နဝါရီ ၁၁ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။ Boeing 737-800 ခရီးသည်တင်လေယာဥ်ကို မှားယွင်းပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့လည်း အီရန်က ဆိုပါတယ်။



ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦး လိုက်ပါတဲ့ ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ လေကြောင်းခရီးစဥ်အမှတ် PS752 ခရီးသည်တင်လေယာဥ်ဟာ ဇန်နဝါရီ ၈ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းက အီရန်နိုင်ငံ တီဟီရန်မြို့မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ ပျံသန်းစဥ် လေဆိပ်မှထွက်ခွာလာပြီးနောက် မကြာမီမှာပင် ပျက်ကျခဲ့ပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

ထိုလေယာဥ်ရဲ့ ခရီးစဥ်အရ ကိဗ်မြို့မှတစ်ဆင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ဆက်လက် ပျံသန်းမှာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ယူကရိန်းလေယာဥ်ဟာ အီရန်ဒုံးကျည် ထိမှန်ခံရမှုကြောင့် ပျက်ကျခဲ့ကြောင်း ပြောခဲ့ကြပေမဲ့ အီရန်က အစောပိုင်းမှာ ငြင်းဆိုထားခဲ့ပါတယ်။ ယူကရိန်လေယာဥ်ကို ဒုံးကျည်ထိမှန် ပေါက်ကွဲခဲ့တဲ့ မှတ်တမ်းဗီဒီယိုဖြစ်ကြောင်း ပြောထားတဲ့ ဗီဒီယိုတစ်ခုလည်း ထွက်ပေါ်ခဲ့ပါတယ်။

အီရန်က ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သို့သော် ကြာသပတေးနေ့ (ဇန်နဝါရီ ၉ ရက်) နေက ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်မြင်သံကြားသတင်းမှ ပုံရိပ်တွေအရ လေယာဥ်ပျက်ကျခဲ့တဲ့နေရာရှိ အပျက်အစီးတွေကို မြေတူးစက်တစ်ခုဖြင့် ဖယ်ရှားရှင်းလင်းနေတာတွေ့ရပြီး အရေးကြီးတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်ပစ်နိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

(Photo: AFP)

ယူကရိန်းလေယာဥ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က 'အမေရိကန်ရဲ့ နိုင်ငံရေးစွန့်စားမှုကြောင့် အကျပ်အတည်းဖြစ်နေချိန်မှာ လူသားအမှားက ယခုဖြစ်ရပ်ဆိုးကို ဖြစ်စေခဲ့ကြောင်း' ၎င်းရဲ့ Twitter မှာ ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး 'အလွန်ဝမ်းနည်းကြောင်း၊ အီရန်ပြည်သူတွေ၊ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ အခြား ထိခိုက်မှုဖြစ်ခဲ့ရတဲ့ နိုင်ငံတွေကို တောင်းပန်ကြောင်းနဲ့ ဝမ်းနည်းကြောင်း ပြောကြားပါတယ်' လို့လည်း ဂျာဗက်ဇာရစ်ဖ်က Twitter မှာ ရေးသားထားပါတယ်။

(Photo: Reuters)

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကလည်း ဆိုးရွားတဲ့အမှားအတွက် အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း၊ ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုဖြစ်ကြောင်းနဲ့ ယခုဖြစ်ရပ်ဆိုးကြီးအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အီရန်ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီး ကွာဆီဆိုလီမန်နီကို ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းမှာ အမေရိကန်က ဗိုလ်ချုပ်ဆိုလီမန်နီကို သတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်မှာ အီရန်က လက်တုံ့ပြန်မှုအဖြစ် အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်က အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ပြီးနောက် နာရီပိုင်းမျှအကြာမှာ တီဟီရန်မြို့အနီး ယူကရိန်း ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

(နောက်ဆက်တွဲသတင်း ဆက်လက်ဖော်ပြသွားပါမယ်)

Share

Loading Next Article...
က္က