ဇာတ်လမ်းတွဲထဲမှာ မတော်တဆ သမ္မတဖြစ်လာတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူပါ။

ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ ဟာသမင်းသား ဗိုလိုဒီမာ ဇီလန်စကီးက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာမယ်လို့ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်စစ်တမ်းတွေက ဖော်ပြပါတယ်။

(ရွေးကောက်ပွဲမှာ မဲပေးနေသည့် ဇီလန်စကီး) (Photo: Reuters)

ဧပြီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မဲပေးမှုစစ်တမ်းတွေအရ ဇီလန်စကီးက မဲအရေအတွက် ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ၎င်းဟာ ကိုယ်စားလှယ်လောင်း ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ သမ္မတရွေးကောက်ပွဲမှာလည်း အသာရခဲ့သူဖြစ်ပါတယ်။ ဇီလန်စကီးက သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ပက်ထရို ပိုရိုရှန်ကိုကို စိန်ခေါ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။



သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ပိုရိုရှန်ကို ကိဗ်မြို့မှာ ၎င်းကိုထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့စဉ် ဝန်ခံခဲ့ပြီး နိုင်ငံရေးလောကမှ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာ သမ္မတက အရေးပါတဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတို့အပေါ် သြဇာအာဏာ ချုပ်ကိုင်ထားခွင့်ရှိပါတယ်။

(သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ပိုရိုရှန်ကို) (Photo: AP)

သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇီလန်စကီးက "ကျွန်တော် ခင်ဗျားတို့ကို ဘယ်တော့မှ မကျရှုံးစေရပါဘူး၊ ကျွန်တော် အခုထိ သမ္မတမဖြစ်သေးပါဘူး၊ ယူကရိန်းနိုင်ငံသား တစ်ယောက်အနေနဲ့ ဆိုဗီယက်အလွန် နိုင်ငံအားလုံးကို ကျွန်တော် ပြောနိုင်တာက 'ကျွန်တော်တို့ကိုကြည့်ပါ၊ ဘာမဆို ဖြစ်နိုင်ပါတယ်'" လို့ အားပေးထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်စစ်တမ်းတွေအတိုင်း မှန်ကန်ခဲ့ပါက ဇီလန်စကီးဟာ ယူကရိန်းသမ္မတအဖြစ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့ စစ်တမ်းတွေအရ ၂၀၁၄ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့သူ ပိုရိုရှန်ကိုကတော့ မဲအရေအတွက် ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဘီလျံနာတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ပိုရိုရှန်ကိုဟာ ရုရှားလိုလားတဲ့ ယူကရိန်းအစိုးရကို လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

(ယူကရိန်းသမ္မတရွေးကောက်ပွဲ မဲပုံများကိုတွေ့ရစဉ်) (Photo: Reuters)

ယခုနှစ် ယူကရိန်းသမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ဇီလန်စကီးကတော့ ဟာသမင်းသားဖြစ်ပြီး နိုင်ငံရေးကို သရော်ထားတဲ့ တီဗီဇာတ်လမ်းတွဲမှာ မတော်တဆ ယူကရိန်းသမ္မတဖြစ်လာတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများထင်ရှားပါတယ်။ ဟာသမင်းသား ဇီလန်စကီးဟာ ယခင်က နိုင်ငံရေးအတွေ့အကြုံမရှိခဲ့ဘဲ မဲဆွယ်စည်းရုံးခဲ့ရာမှာလည်း မူဝါဒဆိုင်ရာ စိတ်ကူးတွေကို အခိုင်အမာ ကတိပေးခြင်းထက် အခြား ကိုယ်စားလှယ်လောင်းတွေနဲ့ မတူကွဲပြားမှုတွေကို အာရုံစိုက်ခဲ့တယ်လို့ဆိုပါတယ်။

ယူကရိန်းပြည်သူတွေက ယခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ငါးနှစ်သက်တမ်း တာဝန်ယူခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံရှိသူနဲ့ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဟာသမင်းသားတို့ကို နှိုင်းယှဉ်ရွေးချယ်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ဟာသမင်းသားကို နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ယုံကြည်ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က