ကိုယ့်သွားနေတဲ့လမ်းကြောင်းမှာ ပညာရှင်တစ်ယောက်အဖြစ် ပရော်ဖက်ရှင်နယ်ကျကျ ရပ်တည်တော့မယ်ဆိုရင်လည်း ပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ပြည့်ဝပြီး image ကောင်းနေဖို့ အရေးကြီးနေပြန်ပါတယ်။ ဒီလိုကိုယ့်ရဲ့ image၊ ကိုယ့်ရဲ့ brand တွေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်လာနိုင်တဲ့အခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာကတခြားသော ပညာရှင်တွေနဲ့ ရင်ဘောင်တန်းနိုင်ပြီး လုပ်ငန်းတွေ ပိုတိုးတက်အောင်မြင်လာလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာစေလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လွန်ခဲ့တဲ့လေးနှစ်အချိန်ကာလကတည်းက Brand You ဆိုတဲ့ The Image Training Company ကို တည်ထောင်လာခဲ့သူ တစ်ဦးရှိပါတယ်။ သူမရဲ့ နာမည်ကတော့ မထက်ရည်ဝင်းပါ။
သူမ ဒီလုပ်ငန်းကို စတင်လုပ်ဆောင်ချိန်မှာ အခုလို လူတစ်ယောက်အတွက် image ကောင်းအောင်၊ လုပ်ငန်းရှင်တစ်ယောက်အတွက်လည်း ကိုယ့်ရဲ့လုပ်ငန်းပိုင်းရော၊ brand ပိုင်းတွေကိုပါ ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရမယ်ဆိုတာ၊ ဒီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ ဆိုတာ မသိကြသေးပါဘူး၊ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး ဗဟုသုတနည်းပါးခဲ့တာကြောင့် သူမအနေနဲ့ အစကတည်းက အားစိုက်ထုတ်ခဲ့ရတဲ့အပိုင်းတွေကို “အစပိုင်းကတော့ ဒီ industry မှာ ကိုယ်ကစပြီး promote လုပ်ရတာဖြစ်တဲ့အတွက် ဒီအပိုင်းကို ပိုသိလာကြအောင်၊ ဗဟုသုတရအောင် educate လုပ်ခဲ့ရတဲ့ အပိုင်းတွေရှိတယ်။ အခုဆိုရင် public seminar တွေလုပ်လာတာ ၇ ကြိမ်လောက်ရှိပါပြီ။ trainingတွေလည်း အများကြီးပေးဖြစ်ခဲ့ပါတယ်။ အစပိုင်း ၆လ၊ ၇လလောက်ကတော့ ဆိုရှယ်မီဒီယာကနေရော၊ public မှာပါ ပွဲတွေလုပ်ပြီးတော့ ရှင်းပြခဲ့ရတာတွေ ရှိပါတယ်။ Cooperation တွေ ၊ ကုမ္ပဏီတွေဆီသွားပြီးတော့လည်း ကိုယ်တိုင်ရှင်းပြခဲ့ရတာတွေရှိတယ်။ အခက်အခဲ အားဖြင့်တော့ အချိန်ယူရတာတွေရှိတယ်။ ကိုယ်က အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် မိခင် တစ်ယောက်လည်း ဖြစ်တဲ့အတွက် စမ်းတဝါးဝါးနဲ့ လုပ်ခဲ့ရတဲ့အပိုင်းလေးတွေ ရှိခဲ့ပါတယ်” လို့ သူမက ပြောပြပါတယ်။
မထက်ရည်ဝင်းဟာ ဘန်ကောက်မှာ Image Consulting training ယူခဲ့သလို Academy of Image Consulting ဘွဲ့ကိုလည်း စင်ကာပူမှာရော လန်ဒန်မှာပါ ရခဲ့ပြီးပါပြီ။ ကျောင်းတွေတက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာတော့ ပထမဆုံး ဒီနိုင်ငံကလူတွေရဲ့ စိတ်နေစိတ်ထား၊ ပြီးတော့ ဒီက ဈေးကွက်အခြေအနေနဲ့ ကိုယ်သွားမယ့် industry ကိုလည်း အရင်ဆုံးနားလည်အောင် ကြိုးစားကာ Brand You ဆိုတဲ့ ကုမ္ပဏီကို ၂၀၁၅မှာ စတင်တည်ထောင်ခဲ့တာပါ။
Photo - Htetyi
“Brand You ဆိုတဲ့ ကုမ္ပဏီစလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ပရော်ဖက်ရှင်နယ်တွေနဲ့ ကုမ္ပဏီတွေအတွက် image နဲ့ personal branding training တွေ ၊ Consulting တွေ ၊ Coaching တွေ လုပ်ပေးချင်တာကြောင့်ပါ။ မြန်မာနိုင်ငံက ပရော်ဖက်ရှင်နယ်တွေရဲ့ image ကို ကမ္ဘာနဲ့ထိတွေ့တဲ့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ တိုးတက်ပြောင်းလဲစေချင်တယ်။ ပရော်ဖက်ရှင်နယ်တွေကို ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေချင်တယ်။ မြန်မာနိုင်ငံက ပရော်ဖက်ရှင်နယ်တွေရဲ့ Image ပိုပြီးကောင်းလာအောင် Brand You အနေနဲ့ ပိုပြီး ပါဝင်ကြိုးစားသွားဖို့အဓိကပါပဲ” လို့ သူမက ဖွင့်ဟသွားပါတယ်။
သူမကိုယ်တိုင်ကလည်း ဝန်ထမ်းဘဝကနေလာတာဖြစ်လို့ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တဲ့အခါမှာ အများကြီး လေ့လာသင်ယူခဲ့ရတဲ့အကြောင်းကို သူမက “management နဲ့ ပတ်သက်တဲ့ ပညာရပ်တွေ၊ marketing နဲ့ပတ်သက်တဲ့ ပညာရပ်တွေ၊ လုပ်ငန်းတွေ ဘယ်လိုချဲ့ထွင်မလဲ၊ service ကို ဘယ်လိုအကောင်းဆုံးပေးမလဲဆိုတာတွေကို ဖြည်းဖြည်းချင်း သင်ယူခဲ့ရသလို ကိုယ်တိုင်က ဦးဆောင်ရမှာဖြစ်တဲ့အတွက် operation ပိုင်းတွေကိုလည်း တော်တော်လေး လေ့လာခဲ့ရပါတယ်”တဲ့။
Brand You ရဲ့ သင်တန်းသားတွေအနေနဲ့ကတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် နေရာတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေကတော့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ကုမ္ပဏီ CEO ကနေစပြီးတော့ မန်နေဂျင်းဒါရိုက်တာတွေ၊ Executive level ကနေစပြီးတော့ ဝန်ထမ်းတွေအထိကို လာရောက်သင်ယူကြတာတွေရှိတယ်။ နောက်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက သူတို့ကိုယ်တိုင် သူတို့စီးပွားရေးလုပ်ငန်းအတွက် image နဲ့ branding ကောင်းချင်လို့ လာပြီးသင်ယူခဲ့တာတွေ ရှိပါတယ်။ နောက်အမျိုးသမီးတွေကျတော့လည်း သူတို့ပရော်ဖက်ရှင်နယ် လုပ်ဆောင်နေတဲ့နယ်ပယ်မှာ၊ သူတို့ ရပ်တည်မှုတစ်ခုအတွက် တစ်ဆင့်တက်ချင်တယ်၊ နောက် ပရော်ဖက်ရှင်နယ်လုပ်ငန်းခွင်ကို ပြန်ဝင်ချင်တဲ့ အမျိုးသမီးတွေ လာပြီးတက်ရောက်လေ့ရှိပါတယ်” လို့ သူမက ရှင်းပြပါတယ်။
လာတက်ရောက်တဲ့သူတွေအပေါ် မူတည်ပြီး ဒါမှမဟုတ် သူတို့တိုးတက်ချင်တဲ့အရာပေါ်မူတည်ပြီး Brand You ကနေ သင်ကြားဆွေးနွေးဝေမျှပေးတဲ့ ကဏ္ဍ၊ topic တွေအနေနဲ့ personality development၊ professional development၊ appearance ၊ social image၊ professional image၊ personal branding စသဖြင့် အခန်းကဏ္ဍတွေ အများကြီး ခွဲခြားထားသလို topic တွေလည်း အများကြီးရှိနေပါတယ်။
အဲဒီအခန်းကဏ္ဍ၊ အကြောင်းအရာနဲ့ topic တွေထဲကမှ သင်တန်းသူ၊ သင်တန်းသားတွေဆီက သဘောကျကျေနပ်တဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။
“အခုလက်ရှိဈေးကွက်ထဲမှာရော၊ brand တွေအချင်းချင်းမှာပါ ပြိုင်ဆိုင်မှုတွေ အရမ်းများလာတာကြောင့် လူတစ်ဦးတစ်ယောက်အနေနဲ့ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ဆိုရင် ကိုယ်ကသူများနဲ့မတူဘဲ ကိုယ့်ရဲ့အားသာချက်တွေပေါ် မူတည်ပြီး ဘယ်လို image တည်ဆောက်ရမလဲဆိုတာကို အလွယ်ကူဆုံး၊ အဆင်အပြေဆုံး ရလာဒ်မြန်မြန်ရနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးတာမျိုး သင်တန်းသားတွေက သဘောကျကျေနပ်ကြတယ်” လို့ မထက်ရည်ဝင်းက ဖွင့်ဟလာတဲ့အပြင် သင်တန်းပြီးသွားတဲ့အခါ ဝန်ထမ်းတွေအနေနဲ့ ရာထူးတက်တာမျိုးတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းတွေမှာပိုပြီးတော့ ထိထိရောက်ရောက် ဦးဆောင်လာနိုင်တာ ဒါမှမဟုတ် လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ public image ကပိုပြီးတော့ ကောင်းလာအောင်တည်ဆောက်လာနိုင်တာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာတာ၊ ပြောတဲ့ဆိုတဲ့နေရာမှာရော ၊ အဝတ်အစားပိုင်းမှာပါ ပိုပြီးတော့ ပရော်ဖက်ရှင်နယ်ကျလာတယ်ဆိုတဲ့ feedback လေးတွေလည်း ပြန်ကြားရတာကြောင့် သူမအနေနဲ့ ဒီအလုပ်နဲ့ပတ်သက်ပြီး အတော့်ကိုကျေနပ်ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။
သူမရဲ့အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ဆက်စပ်ပတ်သက်နေသူတွေ အတွက် အကျိုးကျေးဇူးတစ်ခုခု ပြုချင်သူဖြစ်ပါတယ်။ ဒီအကြောင်းကို သူမက “အလုပ်လုပ်ပြီဆိုတာနဲ့ ဒီနေ့ဒီအချိန်မှာ ကိုယ့်မှာရှိတဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ဆန္ဒထားပြီး အလုပ်လုပ်တဲ့သူပါ။ ဒါ့အပြင် ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ အကျိုးတစ်ခုခုရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးထားပြီး အမြဲလုပ်ပါတယ်”တဲ့။
Brand You က ဦးစီးပြီးပြုလုပ်တဲ့ seminar တွေဟာ တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၉ ရက်) မှာ ပြုလုပ်မယ့် ပွဲတစ်ပွဲအပါအဝင် (၇)ကြိမ်ရှိပြီဖြစ်ပါတယ်။ သူမဟာ တခြား seminar တွေမှာ ပါဝင်ပြီး sharing လုပ်ပေးတာ၊ အစီအစဉ်ကူညီပေးတာ၊ volunteer အနေနဲ့ ပါဝင်ပေးတာတွေလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ဖြစ်နေသူပါ။
“ အဓိကကတော့ ကိုယ်တိုင်ကပညာရေးကို အရမ်းယုံကြည်တာမို့ professional ပညာရေးသော်လည်းကောင်း၊ formal ဒါမှမဟုတ် informal ပညာရေး ဘယ်လိုပညာရေးမျိုးမဆို လူတစ်ယောက်အတွက် ရှေ့ကို ဆက်သွားဖို့ ဒါမှမဟုတ် သူ့ရဲ့အိပ်မက်ပန်းတိုင်တွေကို ရောက်ရှိဖို့အတွက် လိုကိုလိုအပ်တယ်လို့ ယူဆတာကြောင့် ပညာရေးနဲ့ ပတ်သက်တဲ့ ပွဲတွေ၊ seminar တွေဆိုရင်တော့ သေချာကိုပါဝင်ဖြစ်ပါတယ်” လို့ သူမက ပြောပြသွားပါတယ်။
အခုဆိုရင် သူမရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ စိတ်ကူးအိပ်မက်ခဲ့တာတွေဟာ တဖြည်းဖြည်း အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သလို အရင်က ဒီအလုပ်ကမဖြစ်နိုင်ဘူးလို့ ထင်တဲ့သူတွေကလည်း ဒီအလုပ်ရဲ့ အကျိုးကျေးဇူးကို နားလည်လာခဲ့ကြပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကနေလည်း ခုချိန်မှာ အောင်မြင်မှုအသီးအပွင့်တွေ စတင်ရရှိခံစားခဲ့ရပြီ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့လေးနှစ် personal branding စတင်လုပ်ဆောင်ခဲ့ချိန်တုန်းက ဒါတွေကိုမလိုအပ်ဘူး၊ အပိုအလုပ်တွေလို့ ထင်တဲ့လူတွေရှိတယ်၊ ပြီးတော့ ဒါတွေက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေမှ လိုတယ်လို့ ယူဆတဲ့ Mindset မျိုးတွေရှိခဲ့ကြတယ်ပေါ့။ အခုချိန်မှာတော့ လူရယ်ဖြစ်လာရင် ကိုယ့်ရဲ့နာမည်ကောင်းကို တည်ဆောက်ဖို့၊ ကိုယ့် brand ကို ကောင်းကောင်းတည်ဆောက်မယ်ဆိုရင် အကျိုးကျေးဇူးရတယ်ဆိုတာကို တော်တော်များများက နားလည်ပြီး လုပ်ဆောင်လာကြတာကိုတွေ့ရပါတယ်။” လို့ သူမက အရင်အချိန်တွေနဲ့နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါတယ်။
ဒီ Personal Branding နဲ့ Professional Branding ပိုင်းတွေကို ကိုယ်တိုင်ကစိတ်ဝင်တစား ရှိပြီး လေ့လာသင်ယူချင်သူတွေအတွက် သူမက အွန်လိုင်းသင်တန်းလေးတွေလည်း လုပ်ပေးထားသလို ဒီစက်တင်ဘာ ၁၉ရက်နေ့တုန်းကလည်း ဒီအပိုင်းတွေနဲ့ပတ်သက်တဲ့ သူမရဲ့စာအုပ်ထွက်ရှိထားတာကြောင့် သင်တန်းလာမတက်နိုင်ရင်တောင် အွန်လိုင်းကနေ သင်တာပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်ပြီးတော့ဖြစ်ဖြစ် ကိုယ်သိချင်တာ ပိုသိလာအောင်၊ ဗဟုသုတပိုရလာအောင် ကိုယ်တိုင်ကြိုးစားလို့ရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူမက “သင်တန်းလာမတက်နိုင်တဲ့သူတွေအတွက် အွန်လိုင်းကနေသင်ကြားပေးတဲ့ သင်တန်းတွေ စဖွင့်ခဲ့တာကတော့ ၆လလောက်ရှိနေပါပြီ။ အဲ့ဒီသင်တန်းတွေမှာလည်း အွန်လိုင်းကဆိုပေမယ့် ကိုယ်တိုင်လာတက်နေရသလို ထိရောက်မှုရှိအောင် အဘက်ဘက်က ကြိုးစားထားပါတယ်။ သင်တန်းသားတွေဘက်က commitment တစ်ခုနဲ့လာမယ်၊ သူတို့ကိုယ်တိုင် ပါဝင်မယ်ဆိုရင် ထိရောက်မှု ရှိအောင် စီစဉ်ထားပါတယ်။ အွန်လိုင်းသင်တန်းတွေကို ဒီထက်ပိုပြီးတော့ တိုးချဲ့သွားဦးမှာပါ” တဲ့။
ကုမ္ပဏီတည်ထောင်သူတစ်ယောက်အနေနဲ့ရော၊ ဦးဆောင်သူအမျိုးသမီးတစ်ယောက်အနေနဲ့သာမက မိခင်တစ်ယောက်အနေနဲ့ပါ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်၊ ကိုယ်ပုံဖော်ချင်တဲ့ဘဝကို ကြိုးစားတည်ဆောက် နေရတာမို့ သူမမှာလည်း အလုပ်ကြောင့်သာမက ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပါ စိတ်ဓာတ်ကျရတဲ့ အချိန်တွေ ရှိပါတယ်။ ဒီအချိန်တွေကို သူမဘယ်လိုကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ခဲ့သလဲ ဆိုတာလေးကိုလည်း မေးမြန်းကြည့်ခဲ့ပါသေးတယ်။
Photo - Htetyi
“ကျွန်မမှာလည်း စိတ်ဓာတ်ကျတဲ့အချိန် အလုပ်ဆက်မလုပ်ချင်တာတွေ ၊ ထွက်ချင်တာတွေ၊ အလုပ်ကို ရပ်ချင်တာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဒါကို ဘယ်လိုပြန်တည်ဆောက်သလဲဆိုရင် ကိုယ်တကယ် ယုံကြည်ချက်တစ်ခုနဲ့ ကိုယ်စခဲ့တဲ့ အလုပ်တစ်ခုဖြစ်တာမို့ အကောင်းဆုံး ဆက်သွားမယ်ဆိုတဲ့ စိတ်နဲ့ပြန်တည့်မတ်ခဲ့ရပါတယ်။ ကိုယ်လုပ်သမျှဟာ အောင်မြင်ချင်မှတော့ အောင်မြင်မယ်။ ၁၀၀ရာခိုင်နှုန်းအကောင်းဆုံး ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ရပ်မနေရင် တော်ပြီ၊ နည်းနည်းလေးပဲ ရှေ့ဆက်လည်းသွားမယ်ဆိုတဲ့ စိတ်နဲ့အလုပ်လုပ်ပါတယ်။ ကိုယ့်မှာသားလေးလည်း ရှိတယ်ဆိုတော့ သားကို အကောင်းဆုံးလမ်းညွှန်ပြနိုင်တဲ့သူ ဖြစ်ချင်တဲ့အတွက် ကောင်းတဲ့အချိန်မှာရော၊ မကောင်းတဲ့အချိန်တွေမှာပါ ရှေ့ဆက်သွားလို့ရတယ်ဆိုတာမျိုး သူ့ကိုပေးခဲ့ချင်တဲ့အတွက် အဲ့ဒီစိတ်နဲ့ ရှေ့ဆက်ပါတယ်။”လို့ သူမက ပြောပြပေးသွားပါတယ်။
မဒီတို့အထဲမှာလည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်တိုင်းမဖြစ်တာ၊ ကိုယ့်အိပ်မက်နောက်လိုက်ရင်း လမ်းပျောက်နေတဲ့သူတွေရှိရင် မထက်ရည်ဝင်းကတော့ အခုလို အကြံပေးထားပါတယ်။
Photo - Htetyi
“ဘဝကတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်လာတယ်လို့ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က အကောင်းဆုံးရပ်တည် ရှင်သန်နေဖို့တော့ အရေးကြီးပါတယ်။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုဟာ နောင်တကင်းတဲ့ အလုပ်တစ်ခုဖြစ်ဖို့၊ ကိုယ့်အတွက်ကို အလုပ်လုပ်နေရင်းနဲ့ ဘေးနားကလူတွေ၊ ကိုယ်နဲ့ထိတွေ့ ဆက်ဆံနေရသူတွေကိုပါ အကျိုးကျေးဇူးတစ်ခုခုရှိအောင် လုပ်ပေးလိုက်နိုင်တဲ့သူဖြစ်မယ်ဆိုရင် ငွေကြေးတွေ အများကြီးရနေမှ၊ စီးပွားရေးလုပ်ငန်းကြီးက တအားကြီးနေမှ မဟုတ်ပါဘူး။ ငွေကြေးအတွက်ချည်းပဲ အလုပ်လုပ်နေတာမျိုး မဖြစ်စေချင်ပါဘူး။ ငွေကြေးအတွက် အလုပ်လုပ်ရင်းနဲ့ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင် အတွက်ပါ ဘယ်လိုအရာမျိုး contribute လုပ်နိုင်သလဲဆိုတဲ့ စိတ်ဓာတ်လေးထည့်ပြီး အလုပ်လုပ်စေ ချင်ပါတယ်။ နောက်တစ်ခုကတော့ အရှုံးမပေးဖို့ပါ။ ဘဝမှာ အဆင်မပြေတဲ့အချိန်တွေလည်း အများကြီး ကြုံရလိမ့်မယ်။ လုပ်တိုင်းမဖြစ်တဲ့အချိန်တွေ၊ စိတ်ဓာတ်ကျနေချိန်တွေမှာ အဓိကကတော့ စာဖတ်ပါ။ ရသစာပေ၊ သုတစာပေ အစုံဖတ်စေချင်တယ်။ လေ့လာသင်ယူမှုတွေကို မရပ်ဘဲ ဆက်ပြီးလုပ်နေစေချင်တယ်။ အင်တာနက်ကို အသုံးချပြီးတော့လည်း လေ့လာနိုင်ရင်လေ့လာစေချင်တယ်။ ဒါဆို ကိုယ်ရဲ့ အတွေးအခေါ်တွေ ပိုကောင်းလာမယ်။ စိတ်ဓာတ်နဲ့ ပညာပိုင်းအားကောင်းလာရင် အလုပ်တစ်ခုလုပ်တဲ့အခါ တခြားလူတွေထက် ပိုကောင်းတဲ့အကျိုးကျေးဇူး ခံစားရပါလိမ့်မယ်။ တစ်လှမ်းချင်းပဲ ဖြေးဖြေးချင်းဆက်သွားဖို့ တိုက်တွန်း ချင်ပါတယ်”တဲ့။
မထက်ရည်ဝင်းလိုပဲ အောင်မြင်နေတဲ့သူ ဘယ်သူမဆို အခက်အခဲ၊ နာကျင်မှု၊ ကျရှုံးမှုစတာတွေကို အနည်းဆုံးတစ်ကြိမ်တော့ မြည်းစမ်းပြီး ရင်ဆိုင်ကျော်လွှားခဲ့ကြရတာချည်းပါပဲ။ သူများထက် ပိုထူးခြားချင်ရင်၊ ပိုအောင်မြင်ချင်ရင်၊ သူများထက် ကိုယ့်နာမည်ပိုတွင်ကျန်စေချင်ရင် သူများထက် အချိန်၊ လေ့လာမှု၊ အားစိုက်ထုတ်မှု၊ ပင်ပန်းနာကျင်မှုတွေ ပိုပေးဆပ်ရမှာ အသေအချာမို့ တစ်ခါလဲတာနဲ့ ပြန်မထတော့ဘဲ စိတ်ဓာတ်ကျနေမယ့်အစား ဒါကို အတွေ့အကြုံ၊ တွန်းအားအဖြစ်ခံစားပြီး တစ်လှမ်းချင်း ရှေ့ဆက်ကြဖို့သာ အရေးကြီးတာပါ မဒီတို့ရေ။
Share