အမွန်းက မကြာခင် ချစ်သူ သက်တမ်း ၄ နှစ်ပြည့်တော့မယ့် သူ့ရဲ့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. ယုံကြည်စိတ်ချရတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာကြောင့်လည်း စိတ်ချမ်းသာနေပါတယ်တဲ့
Photo: အမွန်း
အမွန်းက လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. သူမ နဲ့ ချစ်သူ ကောင်လေးတို့ရဲ့ ချစ်သူ သက်တမ်းကလည်း ၄ နှစ်ပြည့်တော့မယ်လို့ ရင်ခုန် စိတ်လှုပ်ရှားရင်း Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်.
'' အမွန်းက ချစ်သူရွေးတယ်ဆိုရင်လည်း ကိုယ့်အပေါ် နားလည်မှုရှိတဲ့ လူကိုပဲရွေးတယ်. အခုဆိုရင် ချစ်သူ သက်တမ်း ၄ နှစ်ပြည့်တော့မယ်. Anniversary ကြီးကြီးကျယ်ကျယ်ကြီး လုပ်တာမျိုးတော့ မရှိပါဘူး. အမွန်းတို့က တစ်လတည်း မွေးတာဆိုတော့ မွေးနေ့လမှာပဲ ပျော်တာမျိုးပေါ့. Anniversary ဆိုတာ သီးသန့်ကြီး လုပ်စရာမလိုပါဘူး. နေ့တိုင်းက Anniversary ပါပဲ. နေ့တိုင်းကို ပျော်နေတာ'' လို့ သူကဆိုပါတယ်.
Photo: အမွန်း
အမွန်းက သူ့ရဲ့ ချစ်သူလေးကြောင့် အမြဲတမ်း စိတ်ချမ်းသာနေရတယ်လို့ ဆိုပါတယ်. ဒါကြောင့်လည်း အချစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ပျော်စရာကောင်းတဲ့ သတင်းတွေပဲ ကြားနေရတာပါလို့ Myanmar Music Wave ပွဲမှာ ဖြေဆိုခဲ့ပါတယ်.
'' အချစ်ရေး ငြိမ်နေတယ်ဆိုတာကလည်း အေးအေးဆေးဆေးဖြစ်နေတာကိုး. ဂယက်မထတော့ ငြိမ်နေတာပေါ့နော်. အမွန်းချစ်သူနဲ့ အမွန်း ပျော်နေတဲ့ အခါကျတော့ ငြိမ်နေတာပါ. အချစ်ရေးမှာ အဆင်ပြေဖို့က အရေးကြီးပါတယ် ဒါကြောင့်လည်း အလုပ်လုပ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်. ဘယ် လူမှုရေးမှာပဲ ဖြစ်ဖြစ် ပျက်ကွက်တာမျိုးတို့ မျက်နှာပျက်စရာမျိုးတွေ မရှိတော့ဘူးပေါ့. စိတ်ကလည်း အမြဲလန်းဆန်းနေတော့ '' လို့ ဆိုပါတယ်.
Photo: အမွန်း
အမွန်းရဲ့ ချစ်သူကတော့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တာကတော့ ၅ နှစ်ကျော်ပါပြီ။ သူမရဲ့ ချစ်သူက လှည့်ကြည့် စရာမလိုအောင်ကို ယုံကြည်စိတ်ချရသူ တစ်ယောက်ဖြစ်တယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်.
'' ချစ်သူကို မယုံရဘူးဆို ဘာလို့ တွဲမှာလဲ တွဲစရာအကြောင်းမရှိဘူးလေ. အမွန်းက အရမ်းယုံရတဲ့ သူမို့လို့ပါ. သူကိုယ်တိုင်ကလေ ဘယ်နေရာပဲ ရောက်သွား ရောက်သွား စိတ်ချရတဲ့ ပုံနဲ့နေတယ်. ဒါက သူပြောပြလို့ မဟုတ်ဘူး သူငယ်ချင်းတွေ အသိုင်းအဝိုင်း တွေက လာပြောတာ သူအရမ်းကို နေတတ်တယ်. သူငယ်ချင်းတွေ. မိသားစုတွေ. ပတ်ဝန်းကျင်တွေက သူ့ကိုချစ်ကြတော့ အမွန်းကံကောင်းပါတယ်'' လို့ ဆက်လက်ပြောပြထား ပါတယ်.
Photo: အမွန်း
အမွန်းတို့ ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းကနေတဆင့် ချက်ချင်းပျံ့နှံ့ခဲ့တာဖြစ်ပြီး အမျိုးမျိုးသော ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေကိုတော့ အမွန်းက ဘာတစ်ခုမှ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ လက်ရှိမှာတော့ အမွန်းရဲ့ အလုပ်တွေ အပေါ် ချစ်သူဖြစ်သူက အားပေးဖြစ်နေတာကို တွေ့ရပါတယ်.
Share