Google ဟာ ယူကရိန်းနိုင်ငံအတွင်းက အန်းဒရိုက်သုံးစွဲသူတွေအတွက် မြန်ဆန်တဲ့ လေကြောင်းဥဩဆွဲစနစ်တစ်ခု ဖြန့်ချိထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအတွင်း ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်လာချိန်မှာ အခုလို လေကြောင်း ဥဩဆွဲအချက်ပြစနစ်တစ်ခု ထုတ်ပေးထားတာလည်း ဖြစ်ပါတယ်။ ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့ကြီးတစ်ခုဖြစ်တဲ့ မာရီယူပိုးမြို့ မိခင်နဲ့ ကလေးဆေးရုံတစ်ခုကို ရုရှားတပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
Photo: deccanherald
"ဝမ်းနည်းစွာနဲ့ပဲ ယူကရိန်းက လူသန်းပေါင်းများစွာဟာ ဘေးကင်းရာရောက်ဖို့ လေကြောင်းတိုက်ခိုက်မှုအချက်ပေးစနစ်တွေပေါ် မှီခိုနေရပါတယ်။ အခုလုပ်လိုက်တာကတော့ ယူကရိန်းအစိုးရကနေ ဖြန့်ဝေထားတဲ့ အချက်ပြတွေနဲ့ နိုင်ငံရဲ့ လက်ရှိလေကြောင်းစီးနင်းမှု အသိပေးစနစ်တွေပေါ် ဖြည့်စွက်ဖန်တီးထားတာ ဖြစ်ပါတယ်" လို့ Google ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Google အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခမဲ့ ဒါမှမဟုတ် လျှော့ဈေးနဲ့ တည်းခိုနေထိုင်နိုင်မယ့် နေရာတွေကို ညွှန်းနိုင်ဖို့ ယူကရိန်းနိုင်ငံတဝှမ်းက ဟိုတယ်ပိုင်ရှင်တွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းရှာနေတယ်လို့လည်း ဆိုပါတယ်။ ကြာသာပတေးနေ့အထိ နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာ ၂ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Google ဟာ ယူကရိန်းက နေရပ်စွန့်ခွာ ပြေးနေရတဲ့ ပြည်သူတွေ ခိုလှုံနိုင်ဖို့ ဒုက္ခသည်စခန်းတွေနဲ့ ချိတ်ဆက်နိုင်အောင် စီစဉ်ထားသလို ယူကရိန်းနိုင်ငံအတွင်း Search ရှာဖွေမှုပေါ်မှာ အကူအညီတောင်းခံနိုင်တဲ့ SOS Alert တစ်ခုလည်း ထည့်ပေးထားပါတယ်။ ယူကရိန်းနိုင်ငံသားတွေ ဘေးကင်းရေးအတွက် Google Maps ပေါ်မှာ တိုက်ရိုက်ယာဉ်ကြောအခြေအနေ Live Traffic အချက်အလက်တွေ ယာယီပိတ်ပေးထားပါတယ်။
"လာမယ့် သီတင်းပတ်တွေမှာ ဒီအချက်အလက်တွေကို ပေါင်းစပ်ပြီး Search နဲ့ Maps တွေပေါ်မှာ အကူအညီတောင်းခံတဲ့ နေရာတွေကို လူတွေ အလွယ်တကူရှာနိုင်အောင် လုပ်သွားမှာပါ။ " လို့ Google က ဆိုပါတယ်။
Google ဟာ ရုရှားမှာ အဓိကစီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ Google Service တွေအတွက် ငွေပေးချေမှု ၊ Cloud Sign-Up သစ် ဖွင့်မှု ၊ YouTube viewers အတွက် ငွေရှာမှု စတဲ့ လုပ်ဆောင်ချက်ချက်တွေ ရပ်ထားသလို ကြော်ငြာစီးပွားရေးလည်း ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။