SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ကတော့ ယူကရိန်းကို Starlink စက်တွေ ပို့တဲ့ကိစ္စ ရပ်တန့်ဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပါတယ်။
Twitter လူမှုကွန်ရက်ပေါ်မှာ အီလွန်မတ်စ်က ကုမ္ပဏီဟာ ငွေကြေးဆုံးရှုံးမှုတွေ ရှိနေပေမယ့် ယူကရိန်းအစိုးရကို အခမဲ့ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဆက်ပေးသွားမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ "Starlink အနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ရှိပြီး တခြားကုမ္ပဏီတွေဟာ အခွန်ထမ်းရဲ့ ဒေါ်လာဘီလျံနဲ့ချီ ရနေတာတောင်မှ ကျွန်တော်တို့ဟာ ယူကရိန်းအစိုးရကို အခမဲ့ ထောက်ပံ့သွားနေမှာပါ။" လို့ အီလွန်မတ်စ်က ရေးထားပါတယ်။
Photo: CNBC
သောကြာနေ့က CNN ရဲ့ သတင်းတစ်ပုဒ်ထဲမှာ SpaceX ကုမ္ပဏီဟာ လက်ရှိ အင်တာနက်ဝန်ဆောင်မှုတွေအတွက် အပြင် ယူကရိန်းကို ပေးပို့တဲ့ နောက်ထပ် Starlink စက်တွေအတွက် အခွန်ပေးရမလားလို့ အစိုးရကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီကုန်ကျစရိတ်တွေဟာ ၂၀၂၂ နှစ်အကုန်မှာ ဒေါ်လာ ၁၂၄ သန်းခန့်နဲ့ နောက်ထပ် ၁၂ လအတွင်း ဒေါ်လာသန်း ၃၈၀ ရှိလာမှာပါ။ Starlink အနေနဲ့ ယူကရိန်းကို ဝန်ဆောင်မှုတွေ အတိုင်းအဆမဲ့ ပံ့ပိုးနိုင်မှာ မဟုတ်ဘူးလို့လည်း နောက်ပိုင်းမှာ အီလွန်မတ်စ်က Tweet နဲ့ တင်ပါတယ်။
နောက်ထပ် Tweet တစ်ခုထဲမှာဆို သူဟာ ယူကရိန်းကို ပို့ထားတဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေကို ထိန်းသိမ်းဖို့အတွက် တစ်လ ဒေါ်လာ သန်း ၂၀ လောက် ဆုံးရှုံးနေတယ်လို့လည်း ပြောထားပါတယ်။ Starlink ဟာ ယူကရိန်းစစ်ရေးကိစ္စမှာ ကူညီဖို့အတွက် Starlink ဂြိုလ်တုဖမ်းစက်ပေါင်း ၂၅၀၀၀ ခန့် ပေးပို့ထားတယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ Starlink ဂြိုလ်တုဝန်ဆောင်မှုဟာ ယူကရိန်းစစ်တပ်နဲ့ အရပ်သားတွေကို ရုရှားနဲ့စစ်ပွဲအတွင်း အင်တာနက်အဆက်အသွယ်မပြတ်စေရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။
ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ ရုရှားလက်နက်ကြီးတွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အင်တာနက်ပြတ်တောက်မှုတွေ ရှိခဲ့သလို ဆိုက်ဘာတိုက်ခိုက်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ အခုလအစောပိုင်းမှာ Starlink ပြတ်တောက်မှုဟာ တပ်ဖွဲ့တွေအကြား သေလောက်အောင်ဆိုးဝါးတဲ့ ဆက်သွယ်ရေးအဆက်ပြတ်မှုကို ဖြစ်စေခဲ့တယ်လို့ Financial Times သတင်းက ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း Starlink စက်နဲ့ ဝန်ဆောင်မှုဖိုးအတွက် ပိုက်ဆံကောက်နေတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်ခဲ့ပြီး ဒီအချက်ကို အီလွန်မတ်စ်က မှားယွင်းတဲ့ ပြောဆိုချက်တွေလို့ တုန့်ပြန်ခဲ့ပါတယ်။
Photo: Mind Life TV
ဒါပေမယ့်လည်း CNN သတင်းမှာတော့ အမေရိကန်အစိုးရ ၊ ယူကေနဲ့ ပိုလန်အစိုးရတွေဟာ ယူကရိန်းကို ပေးပို့ထားတဲ့ Starlink စက်တွေရဲ့ ၈၅% ဝန်းကျင်အတွက် ရန်ပုံငွေအပြည့်အဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ထောက်ပံ့ထားတယ်လို့ ဖော်ပြထားပါတယ်။ အီလွန်မတ်စ်ဟာ ခရိုင်းမီးယားနဲ့ တခြား သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ လက်နက်ချခြင်းအားဖြင့် ယူကရိန်းအနေနဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေးယူသင့်သလားလို့ Twitter ပေါ်မှာ မဲကောက်တာကြောင့် ဝေဖန်ပစ်တင်ခံနေရပါတယ်။
ယူကရိန်းရဲ့ ဂျာမန်သံအမတ်ကြီးဖြစ်တဲ့ အန်ဒရီဂျ် မယ်လ်နစ်ခ်က "သွားသေလိုက်ဆိုတာက ကျွန်တော့်ရဲ့ သံတမန်အဆန်ဆုံး အကြောင်းပြန်ချက်ပဲ ဖြစ်တယ်" လို့တောင် တုံ့ပြန်ခဲ့ပါတယ်။