ဂျင်မီရက်နက်ပ်နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

နာမည်ကျော်ကစားသမားတဦးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ သူ့လုပ်ဆောင်ရမယ့် တာဝန်က ယူကရိန်းမှာ အပြစ်မရှိတဲ့ကလေးငယ်တွေ အသတ်ခံနေရတာကို တားဆီးဖို့ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်းကြီးရှက်ချန်ကိုက ပြောဆိုလိုက်ပါတယ်။ Daily Mail ကတဆင့် ဂျင်မီရက်နက်ပ်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ယူကရိန်းနာမည်ကျော်တိုက်စစ်မှူဟောင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းကို ရှရှားက စတင်ကျူးကျော်ချိန်ကစပြီး ရှက်ချန်ကိုက တောက်လျှောက်ဆိုသလို အသံထွက်ခဲ့ပြီး သူ့နိုင်ငံနဲ့ ပြည်သူတွေအပေါ် အားလုံးက အာရုံစိုက်လာအောင် တဖက်တလမ်းကနေ ကူညီခဲ့တာဖြစ်ပါတယ်။ သူရဲ့ မိဘတွေကိုယ်တိုင်လည်း ယူကရိန်းမှာပိတ်မိနေတာဖြစ်လို့ ရှက်ချန်ကိုအတွက် အဆိုးရွားဆုံးနေ့ရက်တွေကို ရင်ဆိုင်ကျော်ဖြတ်နေခဲ့ရတာလည်းဖြစ်ပါတယ်။ 

အင်တာဗျူးမှာတော့ ရှက်ချန်ကိုက "သမ္မတဇယ်လန်စကီရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါတယ်၊ သူ ထွက်သွားလို့ရပေမယ့် နိုင်ငံကိုကာကွယ်ဖို့ ဆက်ရှိနေမယ်ဆိုပြီး ပြတ်ပြတ်သားသားပြောခဲ့တယ်၊ ဒါက ယူကရိန်းပြည်သူတွေရဲ့ စည်းလုံးမှုပါ၊ သူတို့နဲ့အတူ သမ္မတက ဆက်ရှိနေတယ်၊ ကျနော်တို့ ဘယ်တော့မှအရှုံးမပေးဘူး၊ ကျနော်တို့ရွေးချယ်မှုအတွက် တိုက်ခိုက်ရမယ်၊ လွတ်လပ်မှုအတွက်တိုက်ခိုက်ရမယ်၊ ဒီမိုကရေစီအတွက် တိုက်ခိုက်ရမယ်"

"လမ်းမတွေပေါ်ကို ခင်ဗျားကြည့်မယ်ဆိုရင် လက်နက်မရှိတဲ့လူတွေက တင့်ကားတွေကို ဟန့်တားဖို့လုပ်နေတယ်၊ ဒါက စွမ်းအင်ပါပဲ၊ အဆုံးထိကျနော်တို့က ကာကွယ်သွားမှာ၊ ဒီလိုတွေဖြစ်လာတာကို ကျနော်မယုံကြည်နိုင်ဘူး၊ ရုရှားပြည်သူအများအပြားကလည်း ဒီစစ်ပွဲကို ရပ်တန့်စေချင်တယ်ဆိုတာ ကျနော်တို့သိတယ်၊ ကျနော်လည်း ကလေးလေးဦးဖခင်ပါ"

"ဂျင်မီ၊ ခင်ဗျားလည်း ကလေး ၃ ဦး ပိုင်ဆိုင်ထားတာပဲ၊ အပြစ်မရှိတဲ့ကလေးတွေ သေနေရတယ်၊ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ပေါ့၊ ဒီအတွက် ကျနော် အလုပ်လုပ်ရမယ်၊ ကျနော်က နာမည်ကျော်တိုက်စစ်မှူးဟောင်းတဦးပါ၊ ဒါပေမယ့် အခု ကျနော်လုပ်ရမယ့်အလုပ်က အပြစ်မရှိတဲ့ ကလေးတွေ သေဆုံးနေတာကို ဟန့်တားဖို့ပါ" လို့ ရှက်ချန်ကိုက ပြောဆိုခဲ့ပါတယ်။ 

Share

က္က