ရုရှား-ယူကရိန်း အရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ဆိုက်ဘာတိုက်ခိုက်ခံရသလို ယူကရိန်းဘဏ်နှစ်ခုလည်း အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေ ဝင်ရောက်လို့ မရဖြစ်နေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်၊
အင်္ဂါနေ့ည ၇ နာရီဝန်းကျင်က Twitter မှာ တင်ထားတဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီးရဲ့ Tweet တစ်ခုမှာ ဌာနဝက်ဘ်ဆိုက်ဟာ DDoS တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပြီး ဝန်ဆောင်မှုတွေ ပြန်အသုံးပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ လေးနာရီလောက် ကြာပြီးနောက်မှာတောင် ဝက်ဘ်ဆိုက်ထဲ ဝင်လို့ မရခဲ့ဘူးလို့လည်း The Verge သတင်းက ဆိုပါတယ်။
Photo: mercurynews
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနယ်စပ်ကနေ ဆုတ်ခွာပြီး ပဋိပက္ခတွေပြေလျော့ရေးလုပ်ဆောင်နေကြောင်း ရုရှားဘက်က ပြောကြားလိုက်ချိန်မှာပဲ DDoS Attack နဲ့ ကြုံတွေ့ခဲ့တာပါ၊ ရုရှားစစ်တပ်ဆီက ရှေ့နောက်မညီတဲ့အချက်ပြမှုတွေအကြား သံသရှိထားတာကြောင့် နေတိုးအဖွဲ့က ရုရှားဘက်က ထုတ်ပြန်ချက်ကို သတိထားရမယ့်အကောင်းမြင်မှုအဖြစ် ရှုမြင်ခဲ့ပါတယ်။
လောလောဆယ် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်အပြင် ဘဏ်နှစ်ခုလည်း DDoS Attack ထိပြီး ATM စက်တွေ Offline ဖြစ်ကာ အွန်လိုင်းကနေ ငွေလွှဲငွေထုတ်လုပ်မရတဲ့ ပြဿနာနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။ PrivatBank ဟာ ကြီးမားလှတဲ့ DDoS Attack ကြောင့် ငွေပေးသွင်းမှုနဲ့ ငွေအဝင်အထွက်စစ်မှုတွေအပါအဝင် အွန်လိုင်းဘဏ်ဝန်ဆောင်မှု အများအပြား သုံးမရမှု ဖြစ်ခဲ့တယ်လို့ ယူကရိန်းအစိုးရရဲ့ ဗျူဟာမြောက်ဆက်သွယ်ရေစင်တာကနေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Photo: thejournal
အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေပဲ ရပ်သွားတာ ဖြစ်ပြီး အဓိကဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ မထိခိုက်ခဲ့သလို ဖောက်သည်တွေ အပ်နှံထားတဲ့ ရံပုံငွေတွေလည်း ခြိမ်းခြောက် မခံရဘူးလို့ ဆိုပါတယ်။ Oschadbank လည်း အွန်လိုင်းဝန်ဆောင်မှုတွေ အကုန်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နာရီအနည်းငယ်အကြာမှာ ယူကရိန်းအစိုးရထုတ်ပြန်ချက် ထွက်လာပြီး ဘဏ်တွေရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ပြန်လည်ပတ်နိုင်ပြီလို့ ဆိုပါတယ်။
အခုလို ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် တိကျတဲ့ လက်သည်ကို ယူကရိန်းအစိုးရနဲ့ အမေရိကန်အာဏာပိုင်တွေ ထောက်မပြနိုင်သေးဘူးလို့ ဆိုပါတယ်။ လက်ရှိ စစ်ရေးအခြေအနေအရ ရုရှားပါဝင်မှုရှိမယ်လို့ပဲ အများက သံသယဖြစ်နေကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း ယူကရိန်းအစိုးရရဲ့ ဒါဇင်နဲ့ချီတဲ့ ဝက်ဘ်ဆိုက်တွေ ဆိုက်ဘာတိုက်ခိုက်ခံရပြီး ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။