ယူကရိန်းအရေးမှာ ကုမ္ပဏီရဲ့ ရပ်တည်မှုကြောင့် Huawei UK ဘုတ်အဖွဲ့ဝင် ဒါရိုက်တာနှစ်ဦး ရာထူးက ထွက်သွားကြတယ်လို့ ဆိုပါတယ်။
တရုတ်တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ Huawei ရဲ့ လက်အောက်ခံ ယူကေရုံးက ဘုတ်အဖွဲ့ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ ဆာအန်ဒရူး ကာ့ချ် နဲ့ ဆာကန်အော်လီဆာတို့ဟာ ယူကရိန်းအပေါ် ရုရှားတို့ ကျူးကျော်ခြင်းကို ကုမ္ပဏီဘက်က ရှုံ့ချဖို့ ပျက်ကွက်ခဲ့တာကြေင့် နှုတ်ထွက်သွားတာလို့ SCMP သတင်းက ဖော်ပြပါတယ်။
Photo: Telcom TV
ဒါရိုက်တာနှစ်ဦးဟာ ဗုဒ္ဓဟူးနေ့က အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာရာထူးကနေ ဆင်းဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီကို အသိပေးထားတယ်လို့လည်း ဆိုပါတယ်။ ဆာအန်ဒရူးနဲ့ ကန်တို့ဟာ ယူကရိန်းအရေးမှာ ရှုံ့ချကြောင်း ကြေညာချက်ထုတ်ပြန်ဖို့ Huawei ကို တောင်းဆိုခဲ့ကြပြီး ကုမ္ပဏီဘက်က လက်မခံခဲ့တာကြောင့် အခုလို ရာထူးက နှုတ်ထွက်ဖို့ ပြင်နေကြတာ ဖြစ်ပါတယ်။
“ဆာ အန်ဒရူး ကာ့ချ် နဲ့ ဆာ ကန်အောလီဆာတို့ဟာ Huawei UK ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာဝင်တွေအဖြစ် ရာထူးခန့်အပ်ခံရတဲ့ ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေက စလို့ စီးပွားရေးနဲ့ နည်းပညာလောကကနေ အရေးပါတဲ့ အတွေ့အကြုံတွေ ယူဆောင်လာခဲ့ပါတယ်။” လို့ Huawei ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ယူကေနိုင်ငံအတွက် Huawei ရဲ့ ကတိပြုချက်တွေကို အကောင်အထည်ဖော်ရာမှာလည်း နှစ်ဦးစလုံးဟာ အားကောင်းတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့သလို ကော်ပိုရိတ်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးစံတွေကိုလည်း ထိန်းကျောင်းပေးနိုင်အောင် ကူညီခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း Huawei ဘက်က ပြောထားပါတယ်။
Photo: Yahoo News
နိုင်ငံရေးနဲ့ နွှယ်ပြီး Huawei ကုမ္ပဏီကနေ အခုလို အလုပ်ထွက်တာဟာ သူတို့နှစ်ဦးက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဗြိတိန်စွမ်းအင်ကုမ္ပဏီ BP အမှုဆောင်အရာရှိချုပ်ဟောင်း ဂျွန် ဘရောင်းန်ဟာ Huawei ကို နိုင်ငံရဲ့ 5G ကွန်ရက်ကနေ ယူကေအစိုးရက ပိတ်ပင်မှု မလုပ်ခင် ၂၀၂၀ ပြည့်နှစ်မှာ Huawei UK ဥက္ကဌ Chairman အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။
၂၀၂၁ မှာ ဗြိတိန်တယ်လီကွန်းကုမ္ပဏီ BT Group ရဲ့ ဥက္ကဌဟောင်း မိုက်ခ် ရိတ်ခ်လည်း မစ္စတာဘရောင်းန်လိုပဲ သူ့ရဲ့ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။