SpaceX သူဌေး အီလွန်မတ်စ်ဆီက နောက်ထပ် Starlink စက်တွေ ထပ်ရောက်လာတယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်စကီးက Twitter လူမှုကွန်ရက်ကနေ အသိပေးပြောကြားလိုက်ပါတယ်။
“အီလွန်မတ်စ်နဲ့ စကားပြောဖြစ်ပါတယ်။ အခုလို ယူကရိန်းအတွက် စကားလုံးတွေနဲ့ရော လုပ်ရပ်နဲ့ပါ နှုတ်အားလူအား ပံ့ပိုးတဲ့အတွက် သူ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။” လို့ ဇယ်လန်စကီးက စနေနေ့ နေ့လည်ဘက် Twitter ပေါ်မှာ Tweet တင်ခဲ့တာပါ။
နောက်တစ်ပတ်ထဲမှာ ပျက်စီးသွားတဲ့ စစ်ဘေးသင့်မြို့တွေအတွက် Starlink systems နောက်တစ်သုတ် ထပ်ရောက်လာဖို့လည်း ရှိတယ်လို့ သမ္မတက ပြောပါတယ်။ ဒီ Tweet ထဲမှာပဲ သမ္မတဟာ အီလွန်မတ်စ်နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အာကာသပရောဂျက်တွေအကြောင်း ဆွေးနွေးဖြစ်ခဲ့ပြီး စစ်ကြီး ပြီးသွားရင် အဲ့ဒီအကြောင်း ပြောဖြစ်ကြမယ်လို့လည်း သမ္မတဇယ်လန်စကီးက ပြောထားပါတယ်။
SpaceX သူဌေး အီလွန်မတ်စ်ဟာ ယူကရိန်းဒုဝန်ကြီးချုပ် မီခေးလို ဖီဒေါ်ရော့ဗ် ရဲ့ Twitter ကတစ်ဆင့် အကူအညီတောင်းမှုကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထရပ်ကားတစ်စီးစာအပြည့် Starlink ဂြိုလ်တုဖမ်းစက်တွေ တင်ပို့ခဲ့ပြီး ၂၈ ရက်နေ့မှာ ယူကရိန်းကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းမှာ Starlink ဂြိုလ်တုအင်တာနက်ဖမ်းစက်တွေ ပို့လိုက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ Starlink ဟာ ယူကရိန်းနိုင်ငံ အစိတ်အပိုင်းတချို့မှာ ရုရှားမဟုတ်တဲ့ တစ်ခုတည်းသော ဆက်သွယ်ရေးစနစ်ဖြစ်တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်ခြေ မြင့်တာကြောင့် ယူကရိန်း Starlink သုံးစွဲသူတွေအနေနဲ့ သတိထားကြဖို့ အီလွန်မတ်စ်က ပြောခဲ့ပြီး လိုအပ်မှ သုံးဖို့ ၊ တခြားသူတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးမှာ စက်တွေ ထားသုံးဖို့ အကြံပေးခဲ့ပါတယ်။
Starlink ဂြိုလ်တုဖမ်းစက်တွေကို လူမြင်သူမြင်နေရာမှာ မထားဘဲ ကိုယ်ယောင်ဖျောက်သုံးကြဖို့လည်း မတ်စ်က ပြောပါတယ်။ တိုရွန်တိုတက္ကသိုလ် Citizen Lab ပရောဂျက် အကြီးတန်း သုတေသနပညာရှင် ဂျွန်စကော့တ် ရေးလ်တန်က Starlink ဂြိုလ်တုဆက်သွယ်ရေးလွှင့်တင်မှုတွေကို သုံးပြီး ရုရှားအနေနဲ့ လေကြောင်းတိုက်ခိုက်ရေးအချက်ပြတွေအဖြစ် သုံးနိုင်တယ်လို့ ပြောကြားချက် ထွက်လာအပြီးမှာ မတ်စ်က အခုလို သတိပေးထားတာ ဖြစ်ပါတယ်။
ယူကရိန်းမှာ ရောက်နေတဲ့ Starlink ဂြိုလ်တုအင်တာနက်စနစ်ကို Speed Test စမ်းသပ်ရာမှာ 200Mbps ကျော် တက်ခဲ့တယ်လို့ ဆိုပါတယ်။ကမ္ဘာကျော် ဘီလျံနာကြီးတစ်ဦးဖြစ်တဲ့ SpaceX သူဌေး အီလွန်မတ်စ်ဟာ ဆူနာမီကြောင့် အင်တာနက်ပြတ်တောက်သွားတဲ့ တွန်ဂါနိုင်ငံ အင်တာနက်ပြန်ရရေးအတွက်လည်း Starlink စက် ၅၀ လှူထားခဲ့ပါတယ်။