Cryptocurrency လို့ ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ဟာ ယူကရိန်းရဲ့ အရေးကြီးဆုံးအချိန်မှာ အထောက်အကူတစ်ခုဖြစ်လာခဲ့ပါတယ်။
ရုရှားကျူးကျော်မှုကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းအစိုးရအဖွဲ့အတွက် ပြည်သူလူထုဆီကနေ ဒေါ်လာ ၁၀ သန်းကျော် တန်တဲ့ Cryptocurrency အလှူငွေတွေ ရရှိထားတယ်လို့ Blockchain လေ့လာရေးလုပ်ငန်း Elliptic က ပြောပါတယ်။ စနေနေ့က ယူကရိန်းအစိုးရအဖွဲ့ရဲ့ တရားဝင် Twitter အကောင့်မှာပဲ Crypto Wallet နှစ်ခုရဲ့ လိပ်စာတွေကို တင်ခဲ့ပြီး ပြည်သူအရပ်ရပ်ဆီက Cryptocurrency အလှူငွေလက်ခံခဲ့တာပါ။
Photo: indiatimes
Wallet နှစ်ခုမှာ တစ်ခုက Bitcoin သီးသန့်လက်ခံပြီး နောက်တစ်ခုက Ether နဲ့ ကန်ဒေါ်လာနဲ့အညီ တန်ဖိုးရှိတဲ့ Tether တို့ကို လက်ခံတာလည်း ဖြစ်ပါတယ်။ Crypto Wallet နှစ်ခု တင်ပြီး နောက်တစ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဒီ Wallet နှစ်ခုကနေ စုစုပေါင်း ကန်ဒေါ်လာ ၁၀.၂ သန်းနဲ့ ညီမျှတဲ့ Crypto လှူဒါန်းမှုတွေ ရောက်လာခဲ့တယ်လို့ Elliptic က ဖော်ပြခဲ့ပါတယ်။
ရုရှားကျူးကျော်စစ် စတင်ချိန်ကစပြီး NGO အဖွဲ့အစည်းတွေကနေ တစ်ဆင့် ယူကရိန်းစစ်တပ်ကို လှူဒါန်းတဲ့ Cryptocurrency အလှူတန်ဖိုးကလည်း ဒေါ်လာ ၄.၁ သန်းကျော်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ သောကြာနေ့တစ်ရက်တည်းနဲ့တင် ဒေါ်လာ ၃ သန်းဖိုး Crypto အလှူတွေ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယူကရိန်းအစိုးရကို လှူဒါန်းထဲ ငွေတွေထဲက ဒေါ်လာ ၁.၈၆ သန်းဖိုးခန့်ဟာ WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန့်ချ်အတွက် ရံပုံငွေအဖြစ် လှူဖို့ ရည်ရွယ်ထားတဲ့ NFT Tokens တွေ ရောင်းချမှုကနေ ရတာ ဖြစ်တယ်လို့လည်း Elliptic က ပြောပါတယ်။ NFT တွေဟာ ဗွီဒီယိုဂိမ်းဇာတ်ကောင်လိုမျိုး အနုပညာလက်ရာတွေကို Virtual Items တွေ ပိုင်ဆိုင်ကြောင်းအထောက်အထားအဖြစ် ဒီဇိုင်းထုတ်ထားတဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှုတစ်မျိုး ဖြစ်ပါတယ်။
Photo: eraofnews
ရုရှားနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအစိုးရအဖွဲ့ရဲ့ ကျူးကျော်စစ်ခုခံရေးမှာ နာမည်ကြီးတဲ့ Crypto အလှူငွေကောက်ပြီး ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုက Come Back Alive ဆိုတဲ့ NGO အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ Come Back Alive ဟာ ယူကရိန်းစစ်တပ်အတွက် လက်နက်ကိရိယာတွေ ထောက်ပံ့နေတဲ့ NGO အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက Crypto လှူဒါန်းမှုတွေ လက်ခံခဲ့တာပါ။
ရုရှားကျူးကျော်ဝင်ရောက်မှု စတင်ချိန်က စလို့ ဒီအဖွဲ့အစည်းဟာ ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ ဒီဂျစ်တယ်ငွေကြေးတွေ အလှူခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ Elliptic ရဲ့ အချက်အလက်အရ ယူကရိန်းစစ်တပ်ကို ထောက်ပံ့နိုင်ဖို့ ယူကရိန်းအစိုးရနဲ့ NGOs အဖွဲ့တွေကို Crypto လှူဒါန်းမှုဟာ လက်ရှိမှာ ကန်ဒေါ်လာ ၁၆.၇ သန်းဖိုး ရှိနေပြီလို့လည်း ဆိုပါတယ်။