အရင်က ပိတ်ခဲ့တာတွေပါ ပြန်ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်

Facebook ဟာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တစ်ခုကို ယူကရိန်းနိုင်ငံသားတွေအတွက် ချွင်းချက်အဖြစ် ယာယီခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ 

Engadget သတင်းအရ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုအပေါ် လက်တုံ့ပြန် အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ တချို့ပို့စ်တွေကို အရင်လို ဖြုတ်မချဘဲ ယာယီခွင့်ပြုပေးသွားမယ် သိရပါတယ်။ Facebook အနေနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုအတွက် တန်ပြန်အကြမ်းဖက်မှု လုပ်ဆောင်ဖို့ တောင်းဆိုတဲ့ ပို့စ်တွေကို အရင်က ကန့်သတ်ခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာတော့ ဒီစည်းကမ်းကို ပြောင်းပေးထားတာ ဖြစ်ပါတယ်။ 



Photo: Sky News


အမုန်းစကား Policy နဲ့ ပတ်သက်ပြီး ယာယီစည်းကမ်းအပြောင်းအလဲအရ ယူကရိန်း ၊ ပိုလန် နဲ့ ရုရှားက Facebook သုံးစွဲသူတွေကို ရုရှားသမ္မတ ဗလာဒီမာပူတင် ဒါမှမဟုတ် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာချန်ကိုတို့ သတ်ဖို့ လူမှုကွန်ရက်မှာ ပြောကြဆိုကြတာတွေကို ခွင့်ပြုပေးတော့မှာပါ။ Reuters သတင်းမှာ ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပြီး ယူကရိန်းနဲ့ တခြားနိုင်ငံတချို့ကို အခုလိုပဲ ရုရှားရဲ့ ကျူးကျော်မှုအပေါ် တန်ပြန်တိုက်ခိုက်ဖို့ လှုံ့ဆော်ချက်တွေကို ခွင့်ပြုလာတာလည်း ဖြစ်ပါတယ်။ 

ရုရှားစစ်သားတွေအပေါ် အကြမ်းဖက်တုံ့ပြန်ဖို့ လှုံ့ဆောင်မှုနဲ့ပတ်သက်တဲ့ ယာယီမူဝါဒအပြောင်းအလဲတွေဟာ အာမေးနီးယား ၊ အဇာဘိုင်ဂျန် ၊ အက်စ်တိုးနီးယား ၊ ဂျော်ဂျီယာ ၊ ဟန်ဂေရီ ၊ လတ်ဗီးယား ၊ လစ်သူရေးနီးယား ၊ ပိုလန် ၊ ရိုမေးနီးယား ၊ ရုရှား ၊ ဆလိုက်ဗက်ကီးယား နဲ့ ယူကရိန်းတို့က Facebook အသုံးပြုသူတွေအပေါ် သက်ရောက်မှု ရှိမယ်လို့လည်း ဆိုပါတယ်။ 

Facebook ပြောခွင့်ရပုဂ္ဂိုလ် အန်ဒီစတုန်းရဲ့ အဆိုအရ ကုမ္ပဏီအနေနဲ့ အကြမ်းဖက်မှုလှုံ့ဆော်တဲ့ အရေးအသားတွေကို ကန့်သတ်ပိတ်ပင်တဲ့ ဥပဒေအရ အရင်တုန်းက ဖြုတ်ချခဲ့တဲ့ တချို့ပို့စ်တွေကိုပါ ယာယီပြန်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီအနေနဲ့ ရုရှားနိုင်ငံသားတွေကို အကြမ်းဖက်ဖို့ ပြောဆိုတာမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ 

Reuters သတင်းကို ပေးပို့တဲ့ မှတ်ချက်ထဲမှာ ကုမ္ပဏီအနေနဲ့ ပူတင်နဲ့ လူကာချန်ကိုတို့ကို ဦးတည်ပြီး လုပ်ကြံဖို့ နေရာနဲ့ နည်းလမ်းတွေအတိအကျပါတဲ့ တိကျသေချာတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ဖြုတ်ချသွားမယ်လို့ ဖော်ပြထားပါတယ်။ ပလက်ဖောင်းပေါ် ပို့စ်တင်ဖို့ ယာယီခွင့်ပြုထားတဲ့ ဥပဒေအပြောင်းအလဲထဲမှာ "ရုရှားကျူးကျော်သူတွေ သေပါစေ" ဆိုတာမျိုး အကြမ်းဖက်စကားတွေလိုမျိုး အရင်က ခွင့်မပြုတဲ့ နိုင်ငံရေးဆိုင်ရာ ပြောဆိုဖော်ပြချက်မျိုးလည်း ယာယီခွင့်ပြု‌ေပးသွားမှာပါ။ 

Photo: Engadget


   Meta Platforms ဟာ ယူကရိန်းနဲ့ နိုင်ငံတချို့အတွက် ရုရှားကျူးကျော်သူတွေကို တုံ့ပြန်ဖို့ ပြောဆိုချက်တွေကို Facebook မှာအပြင် Instagram တွေမှာလည်း ယာယီခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ရုရှားဘက်ကတော့ Facebook ရဲ့ မူဝါဒအပြောင်းအလဲနဲ့ ပတ်သက်ပြီး တုံ့ပြန်ရာမှာ ဝါရှင်တန်အနေနဲ့ Meta ရဲ့ အစွန်းရောက်လုပ်ရပ်တွေ ရပ်တန့်ရမယ်လို့ ပြောထားပါတယ်။ 

Share

Loading Next Article...
က္က