ဘန်လေနဲ့ပွဲမစခင်မှာ ချဲလ်ဆီးပရိသတ်တွေက မိုဗစ်ချ်နာမည်ကို အော်ဟစ်ခဲ့တာပါ။

ချဲလ်ဆီးပရိသတ်အားပေးသူ အဖွဲ့အစည်းတခုဖြစ်တဲ့ Chelsea Supporters’ Trust က ယူကရိန်းပြည်သူတွေနဲ့တသားတည်းရှိကြောင်း ပြသနေချိန်မှာ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ရုရှားသူဌေးအေဘရာမိုဗစ်ချ်နာမည်ကို မအော်ဟစ်ဖို့၊ သီချင်းလုပ်မဆိုဖို့ တားမြစ်လိုက်ပါတယ်။



ချဲလ်ဆီးပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမတိုင်ခင် အလားတူ အပြုအမူမျိုးကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဖက်ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ရုရှားရဲ့ကျူးကျော်ခြင်းကိုခံနေရတဲ့ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ တမိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလိုမျိုးပြုလုပ်နေတဲ့ အတောအတွင်းမှာ ချဲလ်ဆီးပရိသတ်တွေဟာ ရုရှားလူမျိုးသူဌေး အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို အော်ဟစ်တာမျိုးတွေ၊ သီချင်းလုပ်ဆိုတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအပြုအမူက ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ အပြုအမူလို့ဆိုရမှာဖြစ်ပြီး ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ် ကိုယ်တိုင်က သင့်တော်တဲ့ အပြုအမူတခုမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ CST အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “CST ဟာ ယူကရိန်းပြည်သူတွေနဲ့အတူ တသားတည်းရှိနေပါတယ်။ ဒီလိုမျိုး ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသနေချိန်မှာ အေဘရာမိုဗစ်ချ်နာမည်ကို သီချင်းလုပ်ဆိုနေတာက လုံးဝကို မသင့်တော်တဲ့ အပြုအမူတခုပါပဲ။ အခြေအနေနဲ့ အချိန်အခါဆိုတာရှိပါတယ်”

“ပွဲအစ တမိနစ်ကနေ မိနစ်ကိုးဆယ်အတွင်း အေဘရာမိုဗစ်ချ်နာမည်အော်တာ၊ သီချင်းဆိုတာတွေက အဆင်ပြေပါတယ်။ ဒါပေမယ့် ယူကရိန်းပြည်သူတွေအတွက် ရည်ရွယ်တဲ့ အချိန်တမိနစ်လေးမှာတော့ မလုပ်ကြပါနဲ့။ နော့ဝစ်ချ်နဲ့ပွဲမှာ ပရိသတ်တွေအနေနဲ့ နည်းပြရဲ့ပြောစကားနဲ့ တမိနစ်တာ လက်ခုပ်တီး ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်ချိန်တွေကို လေးစားမှုထားဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ရုရှားသူဌေးတယောက်ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဗြိတိန်ရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး ချဲလ်ဆီးကို ရောင်းချဖို့အတွက်လည်း ပေါင် (၃) ဘီလီယံနဲ့ အရောင်းစာရင်းတင်ထားပါတယ်။ အစပိုင်းမှာ ချဲလ်ဆီးကို တူရကီသူဌေးတယောက် ဝယ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အရောင်းအဝယ်ကိစ္စတွေ အပြီးမသတ်ရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က