စကော့တလန်နဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းကစားသမား ဇင်ချန်ကိုတယောက် နောက်ထပ်တခါ မျက်ရည်ကြီးငယ်ကျကာ ငိုကြွေးခဲ့ပြန်ပါတယ်။ နိုင်ငံတွင်းဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြန်လည်ပြောဆိုပြီး သူ့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြောဆိုနေချိန်မှာ စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးခဲ့တာဖြစ်ပါတယ်။
Zoom ကတဆင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ယူကရိန်းသတင်းထောက်တဦးက မေးမြန်းခဲ့မှုကို ပြန်လည်ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဂလက်စကိုမှာကစးရမယ့် ပလေးအော့ဆီမီးဖိုင်နယ်ပွဲစဉ်က ယူကရိန်းသားတွေကို ပျော်ရွှင်စေမလားလို့ အဆိုပါ သတင်းထောက်အမျိုးသမီးက မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။
ဇင်ချန်ကိုက "မတူကွဲပြားတဲ့ နိုင်ငံကလူတွေ၊ ကမ္ဘာတလွှားက လူတွေနဲ့ ကျနော်စကားပြောခဲ့တယ်၊ ယူကရိန်းမှာ ဘာတွေဖြစ်နေခဲ့တာလဲဆိုတာကို မသိနားမလည်တဲ့ ယူကရိန်းကလေးငယ်တွေနဲ့လည်း ကျနော်စကားပြောခဲ့တယ်၊ သူတို့အားလုံးမှာ စစ်ပွဲကို ရပ်တန့်စေချင်တာတခုပဲရှိတယ်၊ အဲဒီအိပ်မက်လေးတခုပဲရှိတယ်"
"ယူကရိန်းလက်ရွေးစင်အသင်းမှာလည်း သူတို့အိပ်မက်ရှိပါတယ်၊ ကျနော်တို့ ကမ္ဘာ့ဖလားကို သွားချင်တယ်၊ ဒီမယုံနိုင်စရာစိတ်ခံစားမှုကို ယူကရိန်းသားတွေဆီ ကျနော်တို့ပေးချင်တယ်၊ ဘာလို့လဲဆိုတော့ ယူကရိန်းသားတွေက အဲဒီအခိုက်အတန်နဲ့ အရမ်းကိုထိုက်တန်လို့ပါ၊ အခုလိုအအခြေအနေမျိုးနဲ ခင်ဗျားမကြုံဖူးရင် ဘယ်လိုခံစားရလဲဆိုတာကို ပြောပြဖို့က မဖြစ်နိုင်ဘူး၊ ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတာတွေက အများကြီးပဲ၊ လက်ခံနိုင်စရာလည်းမရှိဘူး"
"ဖော်ပြလို့တောင်မှ မရနိုင်တဲ့အရာပါ" လို့ ပြောဆိုပြီး ငိုကြွေးခဲ့ပါတယ်။ ဇင်ချန်ကိုဟာ နိုင်ငံအတွင်းဖြစ်ပျက်နေတာတွေကို ပြန်လည်ပြောပြတိုင်းမှာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးလေ့ရှိသူဖြစ်ပါတယ်။ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးချိန်မှာလည်း သူ ငိုကြွေးနေခဲ့ပြီး ယူကရိန်းနိုင်ငံသားတွေအတွက် ထပ်တူခံစားနေခဲ့ရတာလည်းဖြစ်ပါတယ်။