အင်တာမီလန်နဲ့ပွဲအပြီးမှာ ဖွင့်ဟခဲ့တာပါ။

ဘာစီလိုနာဟာ မနေ့ညက အင်တာမီလန်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ သရေကျခဲ့တဲ့နောက် ယူရိုပါလိဂ်ကို ဆင်းကစားရဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီး ဇာဗီကတော့ ဒီအပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ဖွင့်ဟလာခဲ့ပါတယ်။ ဘာစီလိုနာဟာ အင်တာမီလန်ကို သုံးဂိုးစီသရေကျခဲ့တာဖြစ်ပြီး လက်ကျန်နှစ်ပွဲလုံးကိုနိုင်ဖို့ လိုအပ်သလို တဖက်က အင်တာမီလန် အမှတ်လျော့တာကိုလည်း စောင့်ဆိုင်းရမှာပါ။



ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ဘာစီလိုနာတို့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ရောက်သွားတာကို လက်ခံရမှာဖြစ်ပြီး ဒါကလည်း ဘာစီလိုနာအတွက် နှစ်နှစ်ဆက်တိုက် ကြုံတွေ့ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဇာဗီက “ချန်ပီယံလိဂ်ပြိုင်ပွဲက ကျနော်တို့နဲ့ပတ်သက်လာရင် တော်တော်လေး ရက်စက်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကျနော်တို့ လုံလောက်တဲ့ခြေစွမ်းမျိုးမပြသနိုင်ခဲ့ပါဘူး”

“အင်တာမီလန်နဲ့ပွဲမှာလည်း အလားတူဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘာမှပြောစရာမရှိတော့ပါဘူး။ အခု ဒီညမှာလည်း ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ကျနော်တို့ ခံစားလိုက်ရပြန်ပါတယ်။ ကျနော်တို့ မျှော်လင့်ချက်ရှိသေးတယ်ဆိုပေမယ့် အနေအထားတွေက အရမ်းကိုခက်ခဲသွားပါပြီ”

“ကျနော်တို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်စွမ်းမရှိတော့ဘဲ ကိုယ့်အမှားတွေနဲ့ကိုယ် ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဆွဲချခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ကျန်နှစ်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ ဗစ်တိုးရီးယားပါလ်ဇန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီနှစ်ပွဲမှာ ဘာစီလိုနာတို့ သေချာပေါက် အနိုင်ရရှိဖို့ လိုအပ်ပေမယ့် တဖက်က အင်တာမီလန် အမှတ်လျော့တာကိုလည်း စောင့်ဆိုင်းရဦးမှာပါ။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာအနေနဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ တဆင့်ဆင့်မှာ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က