ဒေးလီးမေးလ်ရဲ့ အယ်ဒီတာ အိုင်ယန်လေဒီမန်းနဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ခရစ္စဆပ်တန်တို့က ယူနိုက်တက်တို့ ဒီရာသီမှာ အက်ဖ်အေဖလားရရှိသည့်တိုင် တန်ဟက်ခ်က ယူနိုက်တက်နည်းပြရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်က အကြိတ်အနယ်ရှိခဲ့ပြီး အချိန်ပိုနာရီဝက်အထိ ဆက်လက်ကစားခဲ့ရတာပါ။ ဒီပွဲမှာယူနိုက်တက်က ဒီယာလိုရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့အတူ လီဗာပူးကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိကာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။
ဝင်ဘလေမှာ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ယူနိုက်တက်က ကိုဗင်ထရီနဲ့ ကစားရမှာဖြစ်ပြီး သူတို့အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲကို ကစားရမယ်လို့ အားလုံးက တွက်ဆထားပါတယ်။ ကိုဗင်ထရီကိုသာ အနိုင်ရရှိခဲ့ရင် ယူနိုက်တက်တို့ ဗိုလ်လုပွဲမှာ တစ်ဖက်က ချဲလ်ဆီးနဲ့ မန်စီးတီးပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ အခု ဒီရာသီမှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပေမယ့် ဒီဖလားကို ဆွတ်ခူးခဲ့သည့်တိုင် တန်ဟက်ခ်တစ်ယောက် ယူနိုက်တက်နည်းပြရာထူးကို စွန့်လွှတ်ရမယ်လို့ ဆပ်တန်နဲ့ လေဒီမန်းတို့က ဆိုပါတယ်။
လက်ရှိ ယူနိုက်တက်ရဲ့ အားကစားရေးရာကိစ္စတွေကို တာဝန်ယူကိုင်တွယ်ထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်တို့အုပ်စုဟာ တန်ဟက်ခ်ရဲ့နေရာမှာ နောက်ထပ်နည်းပြတစ်ယောက်နဲ့ အစားထိုးဖို့ ရည်ရွယ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ရာသီကုန်မှာ ယူနိုက်တက်တို့ အဆင့် (၄) အတွင်း မဝင်ခဲ့ရင် တန်ဟက်ခ်ရဲ့ ယူနိုက်တက်နည်းပြဘဝ အဆုံးသတ်သွားဖွယ်ရှိကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။