နာပိုလီအသင်းဖော်ဟောင်းကို ကူလီဘလီက အကြံပေးခဲ့တာပါ။

နာပိုလီနဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ကူလီဘလီက နာပိုလီတိုက်စစ်မှူး အိုဆင်မ်ဟန်အနေနဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားသည့်တိုင် နာပိုလီမှာပဲ ဆက်နေသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေပြီး နာပိုလီကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၃၀) နီးပါးအထိ တောင်းဆိုထားပါတယ်။



အိုဆင်မ်ဟန်ကိုယ်တိုင်ကတော့ လက်ရှိအချိန်မှာ အနာဂတ်အတွက် ဆုံးဖြတ်ရခြင်းမရှိသေးဘဲ သူ့အတွက် တရားဝင်ကမ်းလှမ်း ချဥ်းကပ်မှုတွေ မရှိသေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။ ကူလီဘလီဟာ အိုဆင်မ်ဟန်နဲ့အတူ နာပိုလီမှာ နှစ်နှစ်ကြာ တွဲကစားခဲ့ပြီး အခုချိန်မှာတော့ ဆော်ဒီမြေကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ကူလီဘလီက “အိုဆင်မ်ဟန်က အရမ်းကို အရေးပါတဲ့ ကစားသမား၊ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဂျနာရိုဂတ်တူဆိုကလည်း သူ့ကို ကူညီပေးခဲ့ပြီး စပယ်လက်တီကလည်း သူ့အတွက် အလှည့်အပြောင်း လုပ်ပေးနိုင်ခဲ့ပါတယ်။ အခု သူ့ဘက်က ပြန်လိုအပ်တယ်ဆိုတာမျိုး မရှိတော့ပါဘူး။ သူ့အနေနဲ့ ဘယ်သူ့ပြောစကားကိုမှ နားမယောင်ဘဲ ဆုံံးဖြတ်ရမှာပါ။ ဒါကပဲ နောင်တမရမယ့် အချက်ပါ”

“နာပိုလီက ရာသီသစ်မှာလည်း ရေပန်းစားနေတဲ့ အသင်းပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စီးရီးအေချန်ပီယံဆုကို များပြားတဲ့ အမှတ်ကွာဟချက်နဲ့ ရခဲ့တာကြောင့်ပါပဲ။ အခုဆိုရင် လူတိုင်းက သူတို့အသင်းက ကစားသမားတွေကို လိုချင်နေကြပါတယ်။ စီးရီးအေက တိုးတက်လာသလို ပြီးခဲ့တဲ့နှစ် ဥ‌ရောပဗိုလ်လုပွဲတွေမှာလည်း နေရာသုံးနေရာ ရရှိခဲ့ပါတယ်”

“နည်းပြအပြောင်းအလဲရှိရင်တော့ အချိန်ယူရမှာပါ။ ဒါပေမယ့် နာပိုလီနည်းပြသစ် ရူဒီဂါစီယာက အီတလီလိဂ်အကြောင်းကို ကောင်းကောင်း သိရှိထားပြီး ဒါက အိုဆင်မ်ဟန်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါ။ သူ နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို နာပိုလီမှာ လုပ်ပြနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးက စျေးကွက်အခြေအနေပေါ် မူတည်ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကူလီဘလီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ချဲလ်ဆီးကနေ ဆော်ဒီမြေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ချဲလ်ဆီးစိတ်ဝင်စားနေတဲ့ အိုဆင်မ်ဟန်ကို အသင်းမပြောင်းဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က