လက်ရှိမှာ စကိုင်းစပေါ့ရဲ့ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဘို့သ်ရွိုက်က ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား ရနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် လှောင်ပြောင်ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ အာဆင်နယ် အကယ်ဒမီထွက် ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူက အာဆင်နယ်အသင်းကြီးအတွက် တစ်ခါမှမကစားပေးခဲ့ဖူးဘဲ (၁၉၉၀) လူငယ်အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်လူငယ်အသင်းအတွက်တော့ ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ အဲ့ဒီနောက်မှာ သူက ကာဒစ်ဖ်မှာ (၃) နှစ်ကြာ ကစားခဲ့ပြီး ထိပ်တန်းအဆင့်ကိုတော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီကစားသမားဟောင်းက လက်ရှိမှာ ဘောလုံးရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်နေပြီး ယူနိုက်တက်တို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားရနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။ “ယူနိုက်တက်တို့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မလား” လို့ မေးမြန်းခံရချိန်မှာ ဘို့သ်ရွိုက်က “ယူနိုက်တက်တို့ အမှတ်ပေးဖလားရဖို့လား” လို့ဆိုပြီး မေးခွန်းထုတ်ကာ လှောင်ပြောင်ရယ်မောနေခဲ့တာပါ။
ယူနိုက်တက်ဟာ လက်ရှိ ရာသီကြိုခြေစမ်းပွဲကာလမှာ ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး (၃) ပွဲ ကစားပြီးချိန်မှာ (၃) ပွဲလုံး အနိုင်ရရှိကာ ခံစစ်ပိုင်းကလည်း ပေးဂိုးတစ်ဂိုးမှမရှိခဲ့ပါဘူး။ ဒါ့အပြင် ယူနိုက်တက်တို့ ဒီရာသီကြိုမှာ အနိုင်ရထားတဲ့ အသင်းတွေအနက် အာဆင်နယ်လည်း ပါဝင်ခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်ကို သာမန်ပွဲကစားချိန်အတွင်း နှစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာလည်း ယူနိုက်တက်ကသာ ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ မေဆင်မောင့်၊ အိုနာနာတို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမားတွေကို ထပ်မံဖြည့်တင်းဖို့လည်း ပြင်ဆင်နေပါတယ်။