ပွဲအပြီး အင်တာဗျူးမှာ ပိုချက်တီနိုက ဒီမေးခွန်းတခုကို မဖြေနိုင်ဘဲ ရှောင်ထွက်သွားခဲ့တာပါ။

PSG နည်းပြ ပိုချက်တီနိုဟာ မနေ့ညက မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အင်တာဗျူးအစီအစဥ်မှာ ယူနိုက်တက်နဲ့ ပတ်သက်တဲ့မေးခွန်းကို ဖြေဆိုခြင်းမရှိဘဲ ရှောင်ထွက်သွားတယ်လို့ သိရှိရပါတယ်။ ပိုချက်တီနိုက PSG နဲ့အတူ မန်ချက်စတာမြို့ကို ရောက်ရှိလာချိန်မှာလည်း မန်စီးတီးနဲ့ပွဲအပြီးမှာ ယူနိုက်တက်နဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့သေးတာပါ။



ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ပိုချက်တီနိုကို ချိန်ရွယ်နေသလို ယာယီနည်းပြ ခန့်အပ်ရေးအတွက်လည်း အခြားသောနည်းပြတွေနဲ့ ဆွေးနွေးနေပါတယ်။ PSG ဘက်က ကြားသိနေရတဲ့သတင်းတွေအရ အသင်းအနေနဲ့ ပိုချက်တီနိုကို လက်လွှတ်လိုခြင်းမရှိဘဲ ယူနိုက်တက်အနေနဲ့ ရာသီကုန်မှသာ ပိုချက်တီနိုကို ကြိုးစားရလိမ့်မယ်လို့ဆိုပါတယ်။

မနေ့က မန်စီးတီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အင်တာဗျူးမှာလည်း ပိုချက်တီနိုက “ကစားသမားတွေက ကျနော်တို့ အခြေအနေကို ကောင်းကောင်းသိပါတယ်။ ကျနော်တို့က ကောလာဟလတွေကြားမှာ ရှင်သန်ရပြီး တခါတလေဆိုကောင်းတယ်၊ တခါတလေဆို ဆိုးပါတယ်။ ဒါတွေက ဒီလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ရော၊ PSG ရော ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ယူနိုက်တက်နဲ့သတင်းတွေထွက်နေတဲ့ ပိုချက်တီနိုအနေနဲ့ ရှုံးထွက်ပွဲစဥ်တွေ ကစားချိန်မှာ PSG နဲ့ အတူ ဆက်ရှိနေဦးမှာလားလို့ ကွင်းအတွင်းမှာ သတင်းထောက်က မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းမေးလိုက်ချိန်မှာတော့ ပိုချက်တီနိုအတွက် အဖြေမရှိတော့ဘဲ ရယ်ရယ်မောမောနဲ့ပဲ အင်တာဗျူးကို ဆက်မဖြေဘဲ ရှောင်ထွက်သွားခဲ့တာပါ။ ပိုချက်တီနိုသာ PSG က ထွက်ပြီး ယူနိုက်တက်ကို ပြောင်းဖြစ်ခဲ့ရင် PSG က ဇီဒန်းကို ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေသလို ကစားသမားတွေကလည်း ဇီဒန်းကို အလိုရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ သေချာရေရာတဲ့ အဖြေတခုမရရှိသေးဘဲ ယူနိုက်တက်ကလည်း ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီ၊ ရူဒီဂါစီယာတို့အပြင် အခြားသော နည်းပြတွေနဲ့လည်း ဆွေးနွေးနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က