မန်ချက်စတာယူနိုက်တက်အသင်းအတွက် တပွဲတောင်ကစားပေးထားရခြင်းမရှိတဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုဟာ လက်ရွေးစင်အသင်းကြီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ခေါ်ယူခံလိုက်ရပါတယ်။ ဗင်နီဇွဲလား၊ အီကွေဒေါတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူ အခြားလူငယ်ကစားသမား ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက် ယူ-၁၈ ကစားသမားဖြစ်ပေမယ့်လည်း သူ့ရဲ့ခြေစွမ်းပြနေမှုတွေကြောင့် ယူ-၂၃ အသင်းမှာ ကစားခွင့်ရနေတာဖြစ်ပါတယ်။ ယူနိုက်တက်လူငယ်အသင်းက ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့မှုမှာ သူက ခြေစွမ်းပြခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲအဖြစ် ၀ုလ်နဲ့ကစားခဲ့ရာမှာ တဂိုးသွင်းပေးခဲ့ပါသေးတယ်။
အာဂျင်တီးနားက မက်ဆီ၊ ဒီမာရီယာ၊ ပါရီဒက်စ်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့သလို ဂါနာချိုနဲ့ လူငယ်ကစားသမားတွေကိုပါ ရွေးချယ်ခဲ့တာပါ။ အက်သလက်တီကိုမက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂါနာချိုဟာ လူငယ်အဆင့်မှာ ခြေစွမ်းပြနေပြီး ယူ-၂၃ အတွက် ၉ ပွဲကစားအပြီး ၂ ဂိုးသွင်းယူပေးထားကာ အသင်းကြီးကို ရောက်ရှိဖို့ ခြေတလှမ်းသာလိုအပ်တော့တာလည်းဖြစ်ပါတယ်။
အသင်းကြီးအတွက် ပွဲမထွက်ရသေးပေမယ့်လည်း လက်ရွေးစင်အသင်းမှာ မက်ဆီလိုကစားသမားနဲ့အတူ အသင်းဖော်တွေအဖြစ်နဲ့ အတူတကွလေ့ကျင့်ခွင့်ရမှာလည်းဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေက သူ့ကို အသင်းကြီးဆီရောက်ရှိစေဖို့ အထောက်အကူပြုနိုင်မှာဖြစ်ပြီး သူ ပါဝင်ကစားခွင့်ရရှိခဲ့မယ်ဆိုရင်တော့ သူ့ခြေစွမ်းကို စောင့်ကြည့်မယ့်ပရိသတ်တွေက အများအပြားရှိနေပါတယ်။