ယူနိုက်တက်ကစားသမားတွေကြားထဲမှာ တိုက်စစ်မှူး ဟွိုက်လန်းကို ယုံကြည်မှု ကင်းမဲ့နေပြီး ဒီတိုက်စစ်မှူးကို ဘောလုံးပေးမကစားတဲ့ ပြဿနာဖြစ်ပွားနေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ ဟွိုက်လန်းဟာ ပြီးခဲ့တဲ့နွေကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။
လက်ရှိ ယူနိုက်တက်မှာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ တိုက်စစ်မှူးဆိုလို့ ဟွိုက်လန်းတစ်ယောက်တည်းသာ ရှိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး အသင်းဖော်တွေကလည်း သူနဲ့ပတ်သက်လို့ ယုံကြည်မှု ကင်းမဲ့နေပါတယ်။
အမည်မဖော်ပြထားတဲ့ အသင်းဖော်တစ်ယောက်ဆိုရင် ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဘောလုံးပေးပို့ဖို့အတွက် ဟွိုက်လန်းထက် အခြားအသင်းဖော်တစ်ယောက်ယောက်ကိုပဲ ရွေးချယ်ပေးပို့တယ်လို့ ဖွင့်ဟထားပါတယ်။ ဒါကိုတော့ မန်ချက်စတာညနေခင်းသတင်းဌာနက ဖော်ပြခဲ့တာပါ။
ဒါ့အပြင် ဒီရာသီ အစောပိုင်းမှာလည်း တန်ဟက်ခ်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟွိုက်လန်းကို ဘောလုံးပေးမကစားတဲ့ ပြဿနာကို ဖြေရှင်းခဲ့ရသေးတယ်လို့ သိရှိရပါတယ်။ ဟွိုက်လန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ဂိုးမြူးခဲ့ပါသေးတယ်။
ဒီကစားသမားက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၆) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်တောင် မှတ်တမ်းဝင်ခဲ့သေးတာပါ။ ဒါပေမယ့် ဒဏ်ရာရသွားပြီးနောက်ပိုင်း သူ့ရဲ့ခြေစွမ်းက ကျဆင်းသွားသလို အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုကိုလည်း မရရှိဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ကြတာဖြစ်ပါတယ်။