ချစ်သူမိန်းကလေးနဲ့ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကြောင့် မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခွင့်မရဘဲ အသင်းတွင်းစုံစမ်းစစ်ဆေးမှုတွေကို ခံယူနေရတဲ့ မေဆန်ဂရင်း၀ုဒ်က အသင်းအတွက် သူ နောက်ထပ်ကစားပေးတော့မှာ မဟုတ်ဘူးလို့ သူ့ သူငယ်ချင်းတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဂရင်း၀ုဒ်ဟာ မုဒိမ်းမှု၊ အကြမ်းဖက်ရိုက်နှက်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ခဲ့ရပြီး အခုအခါမှာ သူ့အမှုကပြီးပြတ်သွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ အသင်းတွင်းစုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပြီး ကစားသမားကိုလည်း အသင်းနဲ့ ကစားခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ သူ့ကို တပတ်လုပ်ခလစာ ပေါင် ၇ သောင်းပေးချေနေဆဲဖြစ်ပြီး ၂၀၂၅ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။
ကစားသမားနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တခုက "မေဆန်က သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပြီးဆုံးသွားပြီလို့ ယုံကြည်နေပါတယ်၊ သူ့အိမ်မှာဆိုရင် သူ့ဖိနပ်တွေကို ပိတ်ကန်ပြီးတော့ အရမ်းလည်း ဒေါသထွက်နေပါတယ်၊ သူ ဘောလုံးပြန်ကစားချင်နေပါတယ်၊ ဒါပေမယ့် သူ့အနေအထားက အရမ်းရှုပ်ထွေးနေပြီး ကိုယ်ပိုင်လေ့ကျင့်ခန်းတွေပဲ လုပ်နေတယ်"
"ဘောလုံးပြန်ကစားဖို့ကို သူ ဆုံးဖြတ်ထားပေမယ့် ယူနိုက်တက်ဂျာစီကိုတော့ ဘယ်တော့မှ ပြန်ဝတ်ဖြစ်မယ်တော့ မထင်တော့ပါဘူး" လို့ The Sun ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဂရင်း၀ုဒ်ဟာ ယူနိုက်တက်အကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး အသင်းတိုက်စစ်မှူးဟောင်းရော်ဘင်ဗန်ပါစီရဲ့ ကစားပုံနဲ့တောင် ခိုင်းနှိုင်းခံခဲ့ရသူဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကြီးမှာ ခြေစွမ်းပြကစားနေပြီး အားကိုးရတော့မယ့် အချိန်ရောက်ခါမှ အခုလိုမျိုး အရှုပ်အထွေးတွေကို ပြုလုပ်ခဲ့ပြီး သူ့ကစားသမားဘ၀ကို သူ ကိုယ်တိုင် ပြန်သတ်ခဲ့တာလည်းဖြစ်ပါတယ်။