မနေ့ကပွဲအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးပွဲကို မနေ့က ကစားခဲ့ပြီးပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ရော်နယ်ဒိုဟာ အရန်ကစားသမားအဖြစ်နဲ့သာရှိနေခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲချိန်တဝက်အကျော်မှာမှ လူစားလဲဝင်ခွင့်ရရှိခဲ့ကာ ခြေစွမ်းပြနိုင်ဖို့အတွက်တော့ ရုန်းကန်ခဲ့ရပါတယ်။ 

ကစားခွင့်ရတဲ့ ပွဲချိန်အနည်းငယ်အတွင်းမှာ ရော်နယ်ဒိုက အသင်းဖော်တွေနဲ့ ကောင်းကောင်းချိတ်ဆက်ကစားနိုင်ဖို့ ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း အပိုင်အခွင့်အရေးတော့ မရခဲ့ပါဘူး။ ဒီပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကိုယ်တိုင်က ရော်နယ်ဒိုကို အသင်းကထွက်ချင်လည်း ထွက်ခွင့်ပေးဖို့ ဆန္ဒတွေ ပိုမိုများပြားလာခဲ့တယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာ နည်းပါးတဲ့အခွင့်အရေးတခုအဖြစ် ဆောက်သမ်တန်ဧရိယာထဲ ဘောလုံးနဲ့အတူ ဆွဲပြေးပြီးဝင်ရောက်ခဲ့ပေမယ့်လည်း ပြိုင်ဘက်အသင်းနောက်ခံလူ မူဆာဂျီနီပိုနဲ့ ယှဉ်ပြေးရာမှာတော့ အနည်းငယ်နောက်ကျခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန်အတွင်းမှာလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူခဲ့ရသေးပြီး သူ့ရဲ့ ကြံ့ခိုင်မှုကလည်း စိုးရိမ်ဖွယ်ရာအနေအထားမှာ ရှိနေခဲ့တာပါ။ 

ရော်နယ်ဒိုကို အသင်းဂျာစီနဲ့ မြင်တွေ့ရတာက နောက်ဆုံးအကြိမ်ဖြစ်နိုင်လားလို့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကို မေးမြန်းခဲ့ရမှာ တန်ဟက်ဂျ်က "သူနဲ့အတူ ကျနော်တို့မှာ အစီအစဉ်တွေရှိပါယ်၊ ဒါကြောင့် သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်၊ ဒါက ကျနော်တို့လိုချင်တဲ့အရာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါက ထွက်ခွာခွင့်မပြုနိုင်ဘူးလို့ ဆိုလိုတာလားလို့ ထပ်မံမေးမြန်းခဲ့မှုကိုလည်း သူက 'ကျနော်မျှော်လင့်ပါတယ်" လို့သာ ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်မှာကစားချင်တာကြောင့် ယူနိက်တက်ကနေထွက်ခွာဖို့အတွက်ကို ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ အသင်းသစ်ရှာဖွေနေရဆဲဖြစ်ကာ စျေးကွက်ပိတ်သိမ်းဖို့ကလည်း ရက်အနည်းငယ်သာလိုတော့တာကြောင့် သူ့အနာဂတ်က ဒီရက်ပိုင်းအတွင်းမှာပဲ အတိအကျအဖြေထွက်ဖို့လိုအပ်နေကာ ဆက်ရှိမှာလား၊ ထွက်ခွာသွားမှာလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ 


Share

Loading Next Article...
က္က