ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ လုံးဝကို စိတ်ပိုင်းဖြတ်ထားပြီး အသင်းအတွက် နောက်ထပ်တပွဲတောင် ပါဝင်ကစားပေးလိုခြင်းမရှိတော့ဘူးလို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ပီယာ့စ်မော်ဂန်က ဖွင့်ဟခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်အကြား အဆက်အသွယ်ပုံမှန်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရော်နယ်ဒိုဟာ ဇူလိုင်အစောပိုင်းမှာ ယူနိုက်တက်က ထွက်ခွင့်တောင်းခဲ့ပြီးနောက် အသင်းနဲ့ လာရောက်လေ့ကျင့်ခန်းမဆင်းခဲ့သလို ရာသီကြိုခြေစမ်းခရီးစဥ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားလိုတာကြောင့် သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရခဲ့ရင် ရောင်းထုတ်ပေးဖို့ အသင်းထံ ခွင့်တောင်းထားပါတယ်။
ဒါပေမယ့် လတ်တလော အနေအထားအရ ရော်နယ်ဒိုကို ခေါ်ယူလိုတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်တန်းအသင်းက မရှိဘူးလို့ဆိုရမှာပါ။ ရော်နယ်ဒိုအနေနဲ့ မထင်မှတ်တဲ့အသင်းကို အံ့အားသင့်ဖွယ်ပြောင်းသွားနိုင်တယ်လို့လည်း မော်ဂန်က ပြောပါတယ်။
မော်ဂန်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကျနော် ရော်နယ်ဒိုနဲ့ တော်တော်လေး အဆက်အသွယ်လုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်ထင်သလောက်ဆိုရင် ရော်နယ်ဒိုက ယူနိုက်တက်အတွက် နောက်ထပ်တပွဲလောက်ပဲ ကစားပေးဖို့တောင် မဖြစ်နိုင်တော့ပါဘူး။ သူ ယူနိုက်တက်ကနေ ထွက်ဖို့ လုံးဝစိတ်ပိုင်းဖြတ်ပြီးပြီထင်ပါတယ်”
“ကျနော်တို့ နှစ်ယောက်ကြား ဘာတွေပြောခဲ့လဲဆိုတာကို ကျနော် ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် အစတည်းက ပြောခဲ့သလိုမျိုး ယူနိုက်တက်က ရော်နယ်ဒိုရဲ့ ရည်မှန်းချက်တွေကို မျှဝေမခံစားနိုင်ပါဘူး။ သူတို့ရဲ့ လက်ရှိကစားသမားခေါ်ယူမှုတွေ၊ ပြီးခဲ့တဲ့ရာသီမှာ ပြသခဲ့တဲ့ ပုံစံတွေကြောင့် ချန်ပီယံလိဂ်နဲ့ လွဲခဲ့ရတာတွေက ရော်နယ်ဒိုကို ဒီလိုမျိုးဖြစ်စေခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။