ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီကနေ့ အက်သလက်တီကိုနဲ့ခြေစမ်းပွဲကို လွဲချော်မယ်ဆိုပေမယ့် တနင်္ဂနွေနေ့ညနေမှာ ကစားမယ့် ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားမယ့်အကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက် ကစားပြီးသမျှ ရာသီကြိုခြေစမ်းပွဲအားလုံးကို လွဲချော်ခဲ့သူပါ။
ယူနိုက်တက်ဟာ အက်သလက်တီကိုနဲ့ အော်စလိုမြို့မှာ ကစားသွားမှာဖြစ်ပြီး အဲ့ဒီပွဲအတွက် ကစားသမားစာရင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ အက်သလက်တီကိုနဲ့ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။
ဒါပေမယ့် မနက်ဖြန်၊ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဗယ်လက်ကာနိုနဲ့ပွဲမှာတော့ ပါဝင်ကစားမယ့်အကြောင်းကို ရော်နယ်ဒိုက “တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်” လို့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရေးသားအသိပေးခဲ့ပါတယ်။ ဗယ်လက်ကာနိုနဲ့ပွဲဟာ ယူနိုက်တက်အတွက် လက်ရှိနွေရာသီမှာ နောက်ဆုံးသောခြေစမ်းပွဲလည်းဖြစ်လာမှာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဆိုပေမယ့် အသင်းကထွက်ခွာလိုတဲ့ သူ့ရဲ့ဆန္ဒကတော့ မပြောင်းလဲသေးပါဘူး။ ဒါ့အပြင် ဒီကနေ့ ရင်ဆိုင်ရမယ့် အက်သလက်တီကိုကလည်း သူနဲ့သတင်းတွေထွက်နေပြီး ပြိုင်ဘက်ပရိသတ်တွေက သူ့ကိုဆန့်ကျင်နေတာကြောင့် ရော်နယ်ဒို ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲသွားတာလားလို့လည်း သုံးသပ်နေကြပါတယ်။
အက်သလက်တီကို၊ ဗယ်လက်ကာနိုတို့နဲ့ ခြေစမ်းပွဲနှစ်ပွဲက နာရီပိုင်းပဲ ကွာခြားတာကြောင့် အက်သလက်တီကိုနဲ့ပွဲမှာ လွဲချော်တဲ့ ကစားသမားအများစုကတော့ ဗယ်လက်ကာနိုနဲ့ပွဲမှာ သေချာပေါက် ပါဝင်လာဖွယ်ရှိပါတယ်။ ဒီပွဲဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တန်ဟက်ခ်အတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဖြစ်လာမှာပါ။ ဒါ့အပြင် ပရိသတ်တွေကလည်း ဗယ်လက်ကာနိုနဲ့ အိုးထရက်ဖို့ဒ်ပွဲမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဥ်ထားကြောင်းလည်း သိရှိရပါတယ်။